ဗဟိုဘဏ်က ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ချက် ဖြေလျှော့ပေးမှု ပညာရှင်များ ကြိုဆို

ကျော်လင်းထွန်း

ဘဏ်များနှင့် နိုင်ငံခြားငွေလဲကောင်တာများအတွက် ရည်ညွှန်းငွေလဲနှုန်း သတ်မှတ်ထားချက်ကို ဗဟိုဘဏ်က သြဂုတ် ၁၃ ရက်နေ့တွင် ပယ်ဖျက်ပေးမှုကို ဘဏ်ပညာရှင်များက ကြိုဆိုခဲ့ကြသည်။ ထိုသို့ သတ်မှတ်မှုမှာ ဈေးကွက်စီးပွားရေး စနစ်အရ မရှိသင့်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

“ဈေးကွက်စီးပွားရေး သဘောတရားအရတော့ ဒါက ပယ်ဖျက်လိုက်တာ ကောင်းတာပေါ့။ Deregulate လုပ်တာ။ ဘာများ ပြောစရာရှိမလဲ။ ခင်ဗျား စောင့်ကြည့်ဦးလေ။ ဒါကို သွားပြီး အလောသုံးဆယ် ချက်ချင်းလက်ငင်း အဖြေသိချင်လို့တော့ မရဘူး” ဟု KBZ ဘဏ်၏ အကြီးတန်းအကြံပေးအရာရှိ ဦးသန်းလွင်က ပြောကြားသည်။

ဗဟိုဘဏ်က ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေ ရောင်းဝယ်ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက် ဗဟိုဘဏ် ရည်ညွှန်းငွေလဲလှယ်နှုန်း ± ၀ ဒဿမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ညွှန်ကြားချက်အား ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ဒေါ်လာဈေးကလည်း စံချိန်တင် မြင့်တက်လာခဲ့ရာ သြဂုတ် ၁၅ ရက်နေ့၌ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ ခန့်အထိ စံချိန်တင် မြင့်တက်လာသည်။ သို့သော် ဘဏ်များတွင်မူ ၁၄၆၀ ကျော်သာ ပေါက်ဈေးရှိနေသည်။  

Frontier က မေးမြန်းခဲ့သည့် ဘဏ်ပညာရှင်များကမူ ဗဟိုဘဏ်၏ ဖြေလျှော့မှုနှင့် လက်ရှိ ဒေါ်လာဈေး မြင့်တက်နေခြင်းက တိုက်ရိုက်ဆက်စပ်မှု မရှိဟု ပြောကြားကြသည်။ ရည်ညွှန်းငွေလဲနှုန်းသတ်မှတ်ချက် ပယ်ဖျက်မှုနှင့် ပတ်သက်၍ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် အကြောင်းတစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိသလို ဗဟိုဘဏ်သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်းမရှိပေ။

အဆိုပါ ရည်ညွှန်ငွေလဲနှုန်း သတ်မှတ်ချက်မှာ နိုင်ငံခြားငွေ ရောင်းဝယ်မှုနှင့် ပတ်သက်၍ ဗဟိုဘဏ်အနေဖြင့် ထိန်းကျောင်းနိုင်သော နည်းလမ်းများအနက်မှ တစ်ခုဖြစ်သော်လည်း ၂၀၁၂ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်မှာလည်း လက်တွေ့အသုံးမတည့်ကြောင်း CB ဘဏ်၏ အကြံပေးအရာရှိ ဦးဖေမြင့်က သုံးသပ်သည်။

“လက်တွေ့မှာ ဘဏ်တွေကပဲ လိုက်နာပြီး Money Changer တွေနဲ့ လက်တွေ့ဈေးကွက်အတွင်းမှာက လိုက်နာ ကျင့်သုံးတာမရှိတော့ ဘာမှ အသုံးမဝင်တဲ့ ညွှန်ကြားချက်တစ်ခုလိုလည်း ဖြစ်နေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုကတော့ ငွေလဲနှုန်းက အရမ်းတက်နေတဲ့ အခါမှာ ဗဟိုဘဏ်အနေနဲ့ ဒါကို ထိန်းကျောင်းဖို့တော့ လိုနေပါပြီ” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံခြာငွေ ငွေလဲလှယ်နှုန်းမှာ ဆက်တိုက် မြင့်တက်နေမှုအား ဆက်လက်စောင့်ကြည့်ရမည်ဟုလည်း ၎င်းကပြောသည်။

“ဒါကတော့ တော်တော်လေး တက်တာဆိုတာကတော့ ရှင်းပါတယ်။ ဈေးကစားကြတာ။ ဒါကိုသွားကြည့်လိုက်မရဘူး။ အစိုးရက တစ်ခုခု လုပ်လိုက်တိုင်း ဈေးကစားကြတာ။ စောင့်ကြည့်ရမှာပဲ။ တစ်ရက်နှစ်ရက်ဖြစ်တဲ့ကိစ္စကို သွားပြောလို့ မရဘူး” ဟု ဦးသန်းလွင်က ဆိုသည်။ 

ဈေးကွက်အနေဖြင့် သူ့ဘာသာ ထိန်းကျောင်းခြင်းမှာ ဈေးကွက်စီးပွားရေးအရ နည်းမှန်လမ်းကျ ဖြစ်ပြီး ထိန်းကျောင်းနိုင်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်ရအုံးမည်သာဖြစ်ကာ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော ဈေးနှုန်းများဖြင့် အကဲဖြတ်၍ မရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စီးပွားရေးပညာရှင်နှင့် အစိုးရ၏ အကြံပေးဖြစ်သူ ရှောင်တာနဲ(လ်) က နိုင်ငံခြားငွေလဲနှုန်းအား နှုန်းရှင်မျှောပေးလိုက်ခြင်းကြောင့် အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်ဟု ပြောကြားသည်။ 

လက်ရှိအခြေအနေတွင် ကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းက အများစု ထင်မြင်နေသကဲ့သို့ ပြဿနာကြီးတစ်ရပ် မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ မြန်မာကျပ်ငွေ ကျဆင်းနေခြင်းက အခြားသောငွေကြေးများကဲ့သို့ပင် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“မြန်မာနိုင်ငံမှာ ငွေကြေးတန်ဖိုးကို ကာကွယ်ဖို့ လောက်ငှတဲ့ ဗဟိုဘဏ်အရံငွေမရှိဘူး။ ဒါကိုလည်း မြှင့်ပြီးထားရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်တဲ့ ငွေကြေးစီးဆင်းမှု ဖြစ်ပေါ်အောင် လုပ်ဖို့လိုအပ်မှုက ကြုံတွေ့ရမယ့် အရာပဲ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာကျပ်ငွေရဲ့ တန်ဖိုးကို သတ်မှတ်နိုင်မယ့် စံတွေထားရှိဖို့ လိုအပ်ပါတယ်” ဟု သြဂုတ် ၁၅ ရက်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

“အဲဒါကြောင့် ကျွန်တော်ခံစားချက်က ရိုးရိုးလေးပါ။ စိတ်အေးအေးထားပြီး ဆက်သွားကြဖို့ပါပဲ။ တခြားဟာတွေအတွက် ကျိမ်းသေပေါက် လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုကို အရှိန်မြှင့်တင်ပါ။ ငွေလဲလှယ်နှုန်းက သူ့ဟာသူ ဖြစ်ပွားပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းက ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar