ဗဟိုဘဏ်က နိုင်ငံခြားဘဏ်လေးခုကို ထပ်မံခွင့်ပြု

ရန်ကုန်မြို့ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရန်ကုန်မြို့ ပုဂ္ဂလိကဘဏ်ခွဲတစ်ခုတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရန်ကုန်၊ မတ် ၅

မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံခြားဘဏ်လေးခုကို ဗဟိုဘဏ်က မတ် ၄ ရက်နေ့တွင် ထပ်မံခွင့်ပြုလိုက်သည်။

အဆိုပါ ဘဏ်များမှာ ဗီယက်နမ်နိုင်ငံမှ Bank of Investment and Development of Vietnam (BIDV)၊ ထိုင်ဝမ်မှ Sun Commercial Bank၊ အိန္ဒိယမှ State Bank of India နှင့် တောင်ကိုရီးယားမှ Shinhan Bank တို့ ဖြစ်ကြသည်။ ဘဏ်ခွဲဖွင့်လှစ်ရန် စိတ်ဝင်စားပြီး လျှောက်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ခုထဲမှ အဆိုပါ ဘဏ်လေးခုကို စိစစ် ရွေးချယ်ကာ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံဗဟိုဘဏ်က ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သော လုပ်ကိုင်ခွင့် လျှောက်ထားသည့် ဘဏ် ၁၃ ခုစာရင်းထဲတွင် ထိုင်ဝမ်မှ ဘဏ်ရှစ်ခုပါဝင်ပြီး အိန္ဒိယ၊ မော်ရေးရှ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဘဏ်များလည်း ပါဝင်သည်။

ယခုဘဏ်လေးခုကို ကနဦး ခွင့်ပြုချက် ပေးခြင်းဖြစ်ကာ လုပ်ငန်းစတင်သည့် ပထမ ၁၂ လအတွင်း ၎င်းတို့ လျှောက်လွှာတွင် ပါရှိသည့် လုပ်ငန်းအစီအစဉ်များအတိုင်း အောင်မြင်အောင် လုပ်ဆောင်ပြသနိုင်ရမည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်မှုကို ဗဟိုဘဏ်က စောင့်ကြည့်ပြီးမှသာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် အမြဲတမ်းလိုင်စင် ချထားပေးမည်ဖြစ်သည်ဟု နိုင်ငံခြားဘဏ်များ လိုင်စင်ထုတ်ပေးရေး ကော်မတီ၏ မတ် ၄ ရက်နေ့က ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအကြိမ် နိုင်ငံခြားဘဏ်များကို ခွင့်ပြုချက်ပေးခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်းက နိုင်ငံခြားဘဏ်ကိုးခုကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည့်အတွက် ယခုအခါ မြန်မာနိုင်ငံတွင် လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် နိုင်ငံခြားဘဏ် ၁၃ ခုရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ် ၂၄ ခုနှင့် အစိုးရဘဏ် လေးခုတို့လည်း ဘဏ်လုပ်ငန်းများ လုပ်ကိုင်နေသည်။

သတင်း- ဆန်းဦး 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.