ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်နှင့် သဘောထား ပဋိပက္ခဖြစ်စရာမရှိဟု NLD ပြောကြား

ကျော်လင်းထွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရန် ကျန်ရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်၏ သဘောဆန္ဒနှင့် ပါတီသဘောထား ပဋိပက္ခဖြစ်ဖွယ်ရာ ကွာခြားချက် တစ်စုံတစ်ရာ မရှိကြောင်း ပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်သည်။

ပါတီအနေဖြင့် ၎င်းတို့၏ ရွေးကောက်ပွဲကတိကဝတ်ဖြစ်ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် တာဝန်ကြီးတစ်ရပ်လည်း ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် အကောင်အထည်ဖော်ရာတွင် တပ်မတော်နှင့် ပဋိပက္ခ ဖြစ်နိုင်ခြေရှိသော အခြေအနေများအား မည်သို့ ရှောင်လွှဲသွားမည်နည်းဟု ဇွန် ၂၄ ရက်နေ့တွင် သတင်းထောက်များ၏ မေးမြန်းချက်ကို ၎င်းက ထိုသို့ ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ရန်ကုန်မြို့တွင် ဇွန် ၂၃ နှင့် ၂၄ ရက်နေ့များက ကျင်းပခဲ့ပြီး ဒုတိယနေ့ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက မေးမြန်းခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်တာနဲ့ ပြင်ဆင်တာ နှစ်ခုကြားမှာ ကွာခြားချက်၊ ရှင်းလင်းရမယ့် အချက်တစ်ခုမှ မတွေ့ဘူး။ ကာကွယ်မယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်အနေနဲ့ တပ်မတော်ရဲ့ ကဏ္ဍတွေ အများကြီး ပါနေတယ်။ သူတို့က ဒါကိုကာကွယ်မယ်လို့ ပြောတာ။ အန်ကယ်တို့က ပြင်မယ်ဆိုတာ ဒီမိုကရေစီနည်းကျဖြစ်အောင် ပြင်မယ်လို့ပြောတာ” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေးမှာ တပ်မတော်အတွက်လည်း မဟုတ်သကဲ့သို့ “တပ်မတော်ကို နှိမ်ဖို့လည်း မဟုတ်ပါဘူး။ သို့သော် ပြည်သူအတွက် ဒီမိုကရေစီက အရေးကြီးတယ်။ ဒီမိုကရေစီဖော်ဆောင်နိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ရအောင်ပြင်ဖို့ … အန်ကယ်တို့ ရည်မှန်းချက်က အဲဒါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

NLD ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူဝါဒကို ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ဝင်စဉ် အခါကတည်းက ပြည်သူများထံ တင်ပြခဲ့ပြီး ရွေးကောက်ပွဲ ကတိကဝတ်အဖြစ်လည်း မှတ်တမ်းတင် ခံထားရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်များအတိုင်း လွှတ်တော်အတွင်းမှ ပြင်ဆင်ရန်အတွက် ကနဦးကြိုးပမ်းမှုအဖြစ် ပုဒ်မ ၄၃၆ ကို NLD အနေဖြင့် လွှတ်တော်တွင်းသို့ စတင်ရောက်ရှိချိန်မှာပင် ပြင်ဆင်ရန် ချဉ်းကပ်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများအနက် ပြင်ဆင်ရန် လိုအပ်သည်ဟု ကောက်နုတ်ထားသည့် ပုဒ်မ စုစုပေါင်းမှာ ၁၆၈ ခုအထိ ရှိနေသော်လည်း ပြင်ဆင်ရန်မှာ ဖွဲ့စည်းပုံတွင် ပါရှိသည့် ကန့်သတ်ချက်များက ကြီးမားသည့် အဟန့်အတား ဖြစ်နေသည်ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

“ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသင့်တာတွေကို အမြဲကြိုးစားနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြည့်အစုံ မပြင်ဆင်နိုင်မချင်း ကျွန်တော်တို့ရဲ့ ဒီမူဝါဒက အမြဲတမ်းကိုင်ဆွဲထားမှာပါပဲ” ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးရန် အချက်များ ပါရှိနေပြီး အဆိုပါ ငြိမ်းချမ်းရေး ညီလာခံကြီးမှ ချမှတ်လာမည် မူများအပေါ် မူတည်လျက် ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ပြည်ထောင်စု သဘောတူညီချက် (Union Accord) တစ်ရပ် ချမှတ်ပြီး ပြင်ဆင်သွားနိုင်မည် နည်းလမ်းလည်း ရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ပြည်သူတွေ မထိခိုက်တဲ့၊ ပြည်သူတွေ ပွန်းပဲ့မှု အနည်းဆုံးဖြစ်စေမယ် တည်ငြိမ်အေးချမ်းစွာနဲ့ နိုင်ငံရေးနည်းလမ်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးဆိုတဲ့ နည်းလမ်းကိုပဲ ကျွန်တော်တို့ ကျင့်သုံးမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်တွင် ကျင်းပသော NLD ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသို့ ပါတီဝင် ၁,၀၅၆ ဦးကျော် တက်ရောက်ခဲ့ပြီး အစိုးရ၏ ဦးစားပေးရည်မှန်ချက်သုံးရပ် အောင်မြင်ရေး၊ ဒီမိုကရေစီရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုတို့တွင် အောင်နိုင်ရေးနှင့် အစိုးရ၏မူဝါဒများကို ဝန်းရံရေးတို့အား ပါတီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်အဖြစ် ချမှတ်ခဲ့သည်။

ထို့ပြင် ဗဟိုအလုပ်အမှုအဖွဲ့ဝင် ခြောက်ဦးနှင့် အရံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှစ်ဦးတို့ကို တိုးချဲ့ခန့်အပ်ခဲ့သလို ပါတီအားကောင်း ရှင်သန်စေရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် NLD အစိုးရ၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ ဝေဖန်ချက်များကိုမူ ဒေါက်တာဇော်မြင့်မောင်က ယခုကဲ့သို့ တုန့်ပြန်ခဲ့သည်။

“ပြည်သူတွေ မဲပေးလိုက်ပေမယ့် ပြည်သူတွေ အားမလို အားမရဖြစ်နေတယ်တို့၊ ဘာမှ လုပ်မပေးနိုင်ပါဘူး ဆိုတာတို့ကတော့ မဟုတ်ပါဘူး။ အစိုးရတစ်ရပ် ဖြစ်လာတယ်ဆိုရင် ဝေဖန်မှုတွေကတော့ ရှိမှာပဲ။ ဒီဝေဖန်မှုတွေက အပြုသဘောဆောင်တဲ့ Constructive Criticism ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar