ဖြိုးကိုကိုတင့်ဆန်း၏ ပထမဆုံးအကြိမ် တရားခွင်

ဉာဏ်လှိုင်လင်း

သံကြိုးအရှည်ကြီးနဲ့တွဲပြီး နှစ်ယောက်တစ်တွဲစီ လက်ထိပ်ခတ်ထားတဲ့ ရှစ်ဦးပါ လူတန်းကြီး ဆင်နားရွက်တံခါးကတစ်ဆင့် ဝင်လာချိန်ဟာ နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်မှာဖြစ်ပါတယ်။ တရားခွင်ထဲက လူတွေထံ စူးရှရှ မျက်လုံးတွေနဲ့ အချိန်ပြည့် ဝေ့ဝဲကြည့်နေတတ်တဲ့ ရဲရှစ်ဦး ခြံရံလိုက်ပါလျှက်ပေ့ါ။

ပွတ်လုံးတိုင်တွေနဲ့ ခြံခတ်ထားတဲ့ ခုံတန်းရှည်တစ်ခုမှာ သူတို့စုထိုင်လိုက်ကြပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အမှတ်တံဆိပ်အောက်မှာရှိတဲ့ တရားသူကြီးကုလားထိုင်ရဲ့ မျက်နှာချင်းဆိုင် ညာဖက်အခြမ်းမှာပါ။ သိပ်မကြာခင်မှာပဲ တရားရုံးဝန်ထမ်းတစ်ဦးက တရားသူကြီးမင်းကြွရောက်လာတော့မှာမို့ အားလုံးမတ်တပ်ရပ်ပေးဖို့ ပြောလိုက်တဲ့အသံ ထွက်ပေါ်လာပါတယ်။

တရားခံအဖြစ်တရားရင်ဆိုင်ရမယ့်သူတွေ၊ သူတို့ရဲ့ မိသားစုဝင်လို့ ယူဆရတဲ့ လူရှစ်ဦး၊ ရှေ့နေ ၇ ဦး၊ သတင်းထောက် ၂၅ ဦးနီးပါး မတ်တပ်ထပြီးတစ်ပြိုင်နက်မှာပဲ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းဟာ တရားခွင်ထဲကို ရောက်ရှိလာပါပြီ။ ခန်းမထဲကလူအားလုံးကို ထိုင်ကြဖို့ အသိပေးပြီးတာနဲ့ ဖြိုးကိုကိုတင့်ဆန်း အပါအဝင် လူခြောက်ဦးရဲ့ အမည်ကို တရားသူကြီးက ဆင့်ခေါ်ပါတော့တယ်။

ဒက္ခိဏ ခရိုင်တရားရုံးမှာ ဒီနေ့အထိ တရားစွဲတင်ပြီးဖြစ်တဲ့ အမှုရှစ်ခုစလုံးကို ရင်ဆိုင်ရမယ့် ဖြိုးကိုကိုတင့်ဆန်းဟာ ပထမဆုံးနာမည် အခေါ်ခံရသူပါ။ ဖျက်သိမ်းလိုက်တဲ့ နေပြည်တော် ဘောလုံးအသင်းနဲ့ ACE ကုမ္ပဏီအုပ်စုရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ အသက် ၄၁နှစ်အရွယ် သူ့အတွက် မီဒီယာရှေ့မှောက် ပထမဆုံးအကြိမ် ရင်ဆိုင်ရတဲ့ တရားခွင်တစ်ခုပေါ့။

အကျ ႌအဖြူ၊ ကချင်ပုဆိုးကို ဝတ်ဆင်ထားတဲ့ ဖြိုးကိုကိုတင့်ဆန်း မတ်တပ်ရပ်အပြီးမှာတော့ သူ့ရဲ့ ယာဉ်မောင်း သီဟ၊ မြှားပစ် လက်ရွေးစင်ဟောင်းနှစ်ဦးဖြစ်တဲ့ ရဲမင်းဆွေနဲ့ ဇော်ဝင်းထိုက် စသည်ဖြင့် တစ်ဦးပြီး တစ်ဦး အလှည့်ကျပါပဲ။ သူတို့ ခြောက်ဦးနဲ့အတူ တရားခွင်ထဲအတူတူ တွဲဝင်လာသူ နှစ်ဦးကိုတော့ တရားသူကြီးက နာမည်မခေါ်ခဲ့သလို သူတို့ဟာ ဖြိုးကိုကိုတင့်ဆန်းနဲ့ ဘယ်အမှုမှာ ပူးတွဲပါဝင် အစစ်ခံနေရတဲ့သူတွေလည်းဆိုတာကိုလည်း ဘယ်အာဏာပိုင်ကမှ ပြောမပြခဲ့ပါဘူး။

တရားသူကြီးကတော့ သေနတ်၊ မူးယစ်ဆေးဝါး၊ ဆက်သွယ်ရေးစက်၊ စစ်တပ်သုံးပစ္စည်းတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဆိုင်ရာဝတ်စုံ၊ အမှတ်တံဆိပ်၊ အဆောင်အယောင်တွေ တွေ့ရှိမှုကြောင့် တရားခွင်ထဲ ရောက်ရှိနေရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေကို ဆက်လက်ပြောကြားနေပါတယ်။ ဖြိုးကိုကိုတင့်ဆန်းဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဟိုတယ်နှင့် ခရီးသွားရေးနဲ့ အားကစားဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးဟောင်း၊ နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင် ဦးတင့်ဆန်းရဲ့သားတစ်ဦးလည်း ဖြစ်ပါတယ်။

နောင်လာမယ့် ရုံးချိန်းမှာ နေပြည်တော်၊ လယ်ဝေးနဲ့ ဒက္ခိဏမြို့နယ်ရဲစခန်းတွေက အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ အမှုနှစ်မှု တပ်တိုးတရားစွဲဖို့ရှိတယ်ဆိုတာကိုလည်း တရားသူကြီးက အသိပေးခဲ့ပါတယ်။ အဲဒီနောက် လုပ်ထုံးလုပ်နည်းတွေအရ တရားခံပြေးဖြစ်နေတဲ့ ကျော်ချစ်ငြိမ်းအမှုကို စတင်ကိုင်တွယ်မယ့်အကြောင်း၊ စွဲဆို ထားတဲ့အမှုတွေ၊ ဆက်စပ်အမှုတွေများတဲ့အတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းမှာ စစ်ဆေးမယ့်အကြောင်း ဒက္ခိဏ ခရိုင်တရားသူကြီး ဦးလှဝင်းက တရားခွင်ကို အသိပေးပါတယ်။

အဲဒီနောက် ဖြိုးကိုကိုတင့်ဆန်းဟာ လက်အုပ်လေးချီကာချီကာ လုပ်နေရင်းက “ဟုတ်ကဲ့ပါအဘ”လို့ ပြောလိုက်ပါတယ်။ ဒီအချိန်ဟာ ညနေ ၃နာရီစွန်းစွန်းအချိန်ခန့်ဖြစ်ပြီး ၁၅ မိနစ်နီးပါးကြာမြင့်ခဲ့တဲ့ တရားခွင်ဟာလည်း ဒီမှာဘဲ ပြီးဆုံးသွားပါတော့တယ်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက် စတင်ဖမ်းဆီးခံရပြီးတဲ့နောက် သုံးလနီးပါး အကြာ ဇန်နဝါရီ ၃ ရက်နေ့မှာပြုလုပ်တဲ့ ဒီတရားခွင်အတွင်း ဖြိုးကိုကိုတင့်ဆန်းရင်ဆိုင်ခဲ့ရတဲ့ အမှုတွေဟာ နေပြည်တော်အတွက်သာဖြစ်ပြီး ရန်ကုန်တိုင်း၊ ဗဟန်းနဲ့ သာကေတမြို့နယ်တွေမှာလည်း အလားတူ ရင်ဆိုင်ဖို့ရှိနေပါသေးတယ်။

နေရာမတူကွဲပြားနေတဲ့ တရားစီရင်မှုတွေကို ဘယ်လို စီမံဖို့ရှိသလဲတာကို တရားရေးအာဏာပိုင်တွေထံကရော၊ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေဆီကပါ တိကျတဲ့အဖြေမရခဲ့ပါဘူး။

ဖြိုးကိုကိုတင့်ဆန်းအတွက် လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေကလည်း သတင်းထောက်တွေကို မေးမြန်းခွင့်မပြုခဲ့သလို တရားခွင်ကို တက်ရောက်လာကြတဲ့ မိသားစုဝင်တွေထံကလည်း မှတ်ချက် တစ်စုံတစ်ရာ မပြုလိုတဲ့အကြောင်းသာ Frontier က ကြားခဲ့ရပါတယ်။

ဖြိုးကိုကိုတင့်ဆန်း ရင်ဆိုင်ရမည့် ပုဒ်မများ

-နေပြည်တော်

မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅၊ ၁၆ (ဂ)၊ ၁၉(က)၊ ၂၁၊ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဆိုင်ရာဥပဒေ ၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က) (စ)၊ ပို့ကုန်သွင်းကုန်ဆိုင်ရာဥပဒေပုဒ်မ ၈၊ ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် အမှုပေါင်း ၈ မှု။

လာမည့်ရုံးချိန်းတွင် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ဖြင့် အမှုသစ်နှစ်ခု ထပ်တိုးရန်ရှိ။ (ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်ထုတ်ပြန်ခဲ့မှုအရ ထပ်တိုးမည့်အမှုနှစ်ခုမှာ National Security Council၊ Special Forces Spirit Discipline Power (အတိုကောက် – NSA) လို့ရေးသားထားတဲ့ အမှတ်တံဆိပ်တွေကို မော်တော်ယာဉ်နဲ့ ဝတ်စုံတွေမှာ တပ်ဆင်မှုနဲ့ သက်ဆိုင်ဖွယ်ရှိ၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံလုံခြုံရေးထိခိုက်စေရန် တပ် (သို့) ရဲတပ်ဖွဲ့အဖြစ် ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်မှုနဲ့ သက်ဆိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၁)(က)(င)ဖြင့် အမှုဖွင့်ထားကြောင်း အဲဒီထုတ်ပြန်ချက်တွင်ပါဝင်၍ဖြစ်)

-ရန်ကုန်

မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဥပဒေ ပုဒ်မ ၁၅၊ ၁၆ (ဂ)၊ ၂၁၊ ၂၂(ခ)၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)/(က) (၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ)

ဖမ်းဆီးရမိသောပစ္စည်းအချို့

လက်နက် စုစုပေါင်း ၁၃ လက်နှင့် ကျည်ဆန်မျိုးစုံ ၉၀၀ ကျော်

-၉ မမ ပစ္စတို ၂လက်

-M-16 RAINIERARMS

-RONI GLOCK ပစ္စတို ၁လက်

-M-16

-M 4 ကာဘိုင်ပုံစံ ၁ လက်

-P .22 Walther ပစ္စတို ၁ လက်

-Beretter .22 ပစ္စတို ၁ လက်

-Luger Cz 75 D ပစ္စတို ၁လက်

-Beretter 9 MM ၁လက်

-Ruger 9 MM ၁လက်

– LLB-170 9MM 9 MM GLOCK ပစ္စတို ၁ လက်

– Glock Ges.M.b.H ပစ္စတို ၁လက်

မူးယစ်ဆေး

စိတ်ကြွဆေး ၂၄ ပြား၊ ICE ၄ ဒသမ ၅၅ ဂရမ်

အခြားပစ္စည်းအချို့

-စနိုက်ပါမှန်ပြောင်းများ၊ ကျည်ကာများ၊ စကားပြောစက်များ၊ ဒရုန်းများ၊ နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ

မှတ်ချက်- ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ပါ အချက်အလက်များကို စုစည်းထားခြင်း ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.