ရန်ကုန်၊ ဧပြီ ၂၈
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် ဥရောပနိုင်ငံများသို့ တရားဝင်ခရီး သွားရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ယနေ့နံနက်ပိုင်းတွင် ထွက်ခွာသွားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကွီနို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲပိုင်းတွင် ဆိုက်ရောက်ခဲ့သည်ဟု ဖိလစ်ပိုင်သတင်းဌာနများက ရေးသားထားသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က လက်ခံကျင်းပမည့် အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဧပြီ ၂၈ နှင့် ၂၉ ရက်နေ့များတွင် မနီလာမြို့တွင် ကျင်းပမည်ဖြစ်သည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များသည် နယ်မြေအငြင်းပွားမှုများ၊ အကြမ်းဖက်မှုနှင့် စီးပွားရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စများကို ဆွေးနွေးကြမည်ဖြစ်သည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်တို့အပြင်၊ သံအမတ်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြမည်ဟု သိရသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံမှတဆင့် ဥရောပနိုင်ငံများသို့ ရက်သတ္တပတ် တစ်ပတ်ကြာ တရားဝင်ခရီး သွားရောက်မည်ဖြစ်သည်။
ဥရောပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေးအတွက် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါခရီးစဉ်သည် ၎င်းဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိလာပြီးနောက် ၎င်း၏ ဥရောပသို့ ပထမဆုံးခရီးစဉ်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ဥရောပငါးနိုင်ငံဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နှင့် ပြင်သစ်တို့သို့ သမိုင်းဝင်ခရီး သွားရောက်ခဲ့သည်။