ကျောက်စိမ်းအများအပြားထွက်ရှိရာ ဖားကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၁၈ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း အစိုးရက ပြောကြားသည်။
ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးရှိ လုပ်ကွက်တွင် မေ ၄ ရက်နေ့က မြေစာပုံပြိုကျမှု ဖြစ်ပွားပြီးနောက် သေဆုံးသူ ၁၇ ဦး၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးဆောင်ရွက်သူများက အဆိုပါနေ့တွင် တွေ့ရှိခဲ့ကြသည်။ ထို့နောက် ညနေပိုင်းတွင် ရှာဖွေမှုလုပ်ငန်းများ ရပ်နားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် မေ ၅ ရက်နေ့ န့နက်ပိုင်းတွင် ရေမဆေးကျော်ရွာဖွေသူများက လက်ပြတ်တစ်ခုအား တွေ့ရှိသဖြင့် မြေတူးစက်ဖြင့် တူးဖော်ရှာဖွေရာ ရုပ်အလောင်းတစ်လောင်းကို ထပ်မံတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် အဆိုပါ မြေစာပုံပြိုကျမှုတွင် အမျိုးသား ၁၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသအုပ်ချုပ်ရေးမှူး ဒေါ်နီလာမြင့်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားချက်အရ ကျောက်စိမ်းရှာဖွေနေသူများ၏ အပေါ်သို့ မြေစာပုံက ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် မြေစာပုံပြိုကျမှုတွင် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော် သေဆုံးခဲ့ရသည်။