ဖားကန့်၌ မြေစာပုံ ပြိုကျမှု ထပ်မံဖြစ်ပွား၊ ရေမဆေးကျောက်ရှာဖွေသူ ၅ ဦး သေဆုံး

ဖားကန့်မြို့နယ်တွင် သုံးရက်အတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၆ ရက်နေ့က မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးခဲ့သည်။ ထိုဖြစ်စဉ်နှစ်ခုတွင် သေဆုံးသူ စုစုပေါင်း ၁၁ ဦးရှိသွားပြီဖြစ်သည်။

ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး အဂ္ဂရတနာ ကျောက်မျက်ကုမ္မဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ၌ ရေမဆေးကျောက် ရှာဖွေနေသူ ၁၀၀ ဦးခန့် ကျောက် ရှာဖွေနေစဉ် မြေစာများ ပြိုကျပိမိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။

ထို့ကြောင့် အမျိုးသားငါးဦး မြေစာပိ သေဆုံးခဲ့ပြီး ကျန်အမျိုးသားငါးဦးမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီ ၄ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာအနီး Jade Land ကုမ္ပဏီရှိ အမြင့်ပေ ၁၅၀ ခန့်၊ အလျား ၂၀၀ ပေခန့်ရှိ မြေစာပုံအဟောင်း ပြိုကျခဲ့မှုတွင် အမျိုးသားခြောက်ဦးမှာ မြေစာပိသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိရရှိခဲ့သေးသည်။

အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီကာ တန်ဖိုးရှိသည့် ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် မြေပြိုမှုကြောင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ အကြီးမားဆုံး ဖြစ်ရပ်မှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည့် မြေပြိုမှု ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ဖားကန့်မှာ ရေမဆေးကျောက်ရှာဖွေသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တိုက်ခိုက်မှုကြောင့် ငါးဦးသေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ဒေသခံများကမူ သေဆုံးသူ ၁၀ ဦးခန့်အထိ ရှိနိုင်သည်ဟု ပြောကြားခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar