နေပြည်တော်၊ ၂၁ ဒီဇင်ဘာ
ဖားကန့်ဒေသခံများ အသက်အိုးအိမ် ဆုံးရှုံးပြီး စိုးရိမ်သောက ကြုံတွေ့နေရချိန်တွင် စွမ်းအားကြီး စက်ယန္တရားများဖြင့် ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသောကြောင့် အစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အမြန်ဆုံး လာရောက်ရှင်းလင်းပေးရန် ပြည်ထောင်စုလွှတ်တော်က သမ္မတထံ ယနေ့သဝဏ်လွှာ ပေးပို့ခဲ့သည်။
အဆိုပါ စာတွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၌ မြေစာတောင်တောင် ပြိုကျမှုကြောင့် ပြည်သူအချို့အသက်အိုးအိမ် ဆုံးရှုံးလျက်ရှိခြင်း၊ လတ်တလောတွင်လည်း စွမ်းအားမြင့် စက်ယန္တရားကြီးများ သုံးစွဲကာ အလွန်အကျွံ တူးဖော်နေမှုကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခြင်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်မှုများကို သိရှိလိုခြင်း၊ ပြည်သူများအကြား၊ သတင်းမီဒီယာများအကြား၊ ဝေဖန်မှုအမျိုးမျိုး ပေါ်ထွက်နေသဖြင့် နိုင်ငံဂုဏ်သိက္ခာ ကျဆင်းနိုင်ခြင်းတို့ကြောင့် ထိုကိစ္စကို အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့အမြန်ဆုံး လာရောက်ရှင်းလင်းပေးပါရန်ဟု ဖော်ပြထားသည်။
လက်ရှိအစိုးရသက်တမ်း ကျန်ရှိသည့် သုံးလအတွင်း ဖားကန့်ဒေသမှ ကျောက်စိမ်းများကို ရနိုင်သမျှ တူးယူနိုင်ရန် အင်အားကြီးမားသည့် စက်ယန္တရားကြီးများ အသုံးပြုပြီး အရှိန်အဟုန်ဖြင့် တူးဖော်ရယူနေသည်ဟု အင်တာနက် လူမှုကွန်ယက်တွင် သတင်းများ ပျံ့နှံ့လာပြီးနောက် ဖားကန့်ဒေသ၏ သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် သယံဇာတများဆုံးရှုံးမှုကို ပြည်သူများ၏ စိုးရိမ်ပူပန်မှု မြင့်တက်လာသည်။ တူးဖော်ရာတွင် အသုံးပြုနေသည့် စက်ယန္တရားကြီးများအား တရုတ်နိုင်ငံမှ ဖားကန့်ဒေသသို့ ကန်ပိုက်တီးလမ်းကြောင်းမှ တစ်ဆင့် နေ့စဉ် တင်သွင်းလာမှုများကိုလည်း ဝေဖန်မှုများ ပေါ်ထွက်လာနေသည်။
ထို့ကြောင့် ကချင်ပြည်နယ်၊ ကန်ပိုက်တီးနယ်စပ်ဒေသတွင် တစ်ဖက်နိုင်ငံမှ ယန္တရားများ မြန်မာနိုင်ငံတွင်းသို့ နယ်စပ်ဒေသမှတစ်ဆင့် ဝင်ရောက်လာခြင်းနှင့် စပ်လျဉ်းပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်လာရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်လေးဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖားကန့်ဒေသတွင် အရှိန်အဟုတ်ဖြင့် ကျောက်စိမ်းတူးဖော်နေမှုများကြောင့် ပြီးခဲ့သည့် နှစ်လအတွင်း စွန့်ပစ်မြေစာပုံ ပြိုကျမှုနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ ရေမဆေးကျောက်ရှာသူ ၁၀၀ ကျော် သေဆုံးခဲ့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ဖားကန့်ဒေသတွင် လုပ်ငန်းခွင် လုံခြုံဘေးကင်းစိတ်ချရေးနှင့် ပတ်သက်ပြီး မေးခွန်းများလည်း ပေါ်ထွက်လာသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာမြေတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့်၊ ကုမ္ပဏီ ၂၃၁ ခု ကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့်ပြုထားကြောင်း သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဒီဇင်ဘာ ၁၉ ရက်တွင် နိုင်ငံပိုင်မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု၌ ဖြေကြားထားသည်။
ဖားကန့်တွင် ကုမ္ပဏီများက တူးဖော်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် စတင်လုပ်ဆောင်နေခြင်းမှာလည်း လုပ်ငန်းများ နှစ်နှစ်ကျော် ရပ်နားထားခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ၎င်းကဖြေကြားခဲ့သည်။
“၂၀၁၂ ခုနှစ် မေ ၃၁ ရက်မှာ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို ရပ်နားထားခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စိမ်းတူးဖော်မှု ရပ်နားကာလ နှစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် အတွက် ပြန်လည်တူးဖော်ခွင့် ပြုခဲ့သည့်အခါ တူးဖော်ရေးလုပ်ငန်းများကို ချက်ချင်း စတင်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ ရပ်နားခဲ့သည့်ကာလတွင် ရပ်ထားခဲ့ရသည့် ယာဉ်၊ ယန္တရားများကို ပြန်လည်မွမ်းမံကာ နေရပ်အသီးသီးသို့ ပြန်သွားခဲ့သည့် ကုမ္ပဏီဝန်ထမ်းများကို ပြန်လည်စုစည်းခြင်းကြောင့် ကုမ္ပဏီအများစုသည် လုပ်ငန်းခွင်ပြင်ဆင်ချိန် အနည်းဆုံး ခြောက်လခန့် ကြာမြင့်ခဲ့ကြောင်း၊ မိုးတွင်းကာလ ရောက်ခဲ့သည့်အတွက် အင်အားပြည့် တူးဖော်ထုတ်လုပ်နိုင်မှု မရှိခဲ့ဘဲ ယခု ၂၀၁၅ ခုနှစ်၊ ပွင့်လင်းရာသီရောက်မှသာ လုပ်ငန်းများ ပြန်လည်ပြီး ပုံမှန်လည်ပတ် လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း” ၎င်းကပြောကြားခဲ့သည်။
ကျောက်စိမ်းတူးဖော်ရာတွင် ယခင်က အနက်ပေ ၂၀၀ မှ ၃၀၀ ခန့်သာ တူးဖော် ထုတ်လုပ်နိုင်ခဲ့ကြသော်လည်း ယခုအခါ ကျောက်ကြော အခြေအနေအရ အနက်ပေ ၅၀၀ ခန့် မှ ပေ ၁,၀၀၀ အထိ တူးဖော် ထုတ်လုပ်လာရကြောင်း သိရသည်။
လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက ၂၀၀၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၀၁) ဖြင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ဧရိယာ အကျယ်အဝန်း ၁,၇၅၂,၀၆၄ ဧက ရှိကြောင်း သိရသည်။