ဖမ်းဆီးပြီးနောက် နှိပ်စက်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းထောက်များ ပြောကြား

ဆုမြတ်မွန်

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က ဒူးထောက်ခိုင်းပြီး စစ်ဆေး မေးမြန်းခဲ့တယ်ဆိုတာနဲ့ စစ်ကြောရေးစခန်းကို ပို့ခဲ့တယ်ဆိုတဲ့အချက်တွေကို ဇွန် ၁၁ ရက်နေ့က တရားရုံးမှာ ရဲအရာရှိတစ်ဦးက ငြင်းဆိုသွားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သတင်းထောက်တွေကို ဖမ်းဆီးခဲ့ပြီးနောက် အထူးစစ်ကြောရေးစခန်းကို ပို့ဆောင်ခဲ့ခြင်း မရှိဘူးလို့ ရဲ တရားလိုပြသက်သေ ထောက်ကြံ့ရဲစခန်း၊ စခန်းမှူး ဒုရဲမှူး မြင့်လွင်က တရားရုံးမှာ ပြောပါတယ်။ သတင်းထောက်နှစ်ဦးကို အဆုံးသတ် စစ်ဆေးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ထောက်ကြံ့ရဲစခန်းမှာပဲ ထားရှိခဲ့တယ်လို့ သူက ဆိုပြီး စစ်ဆေးမေးမြန်းစဉ်မှာလည်း ဒူးထောက်ခိုင်းထားတာမျိုး မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

သတင်းထောက်တွေကို မိုဘိုင်းဖုန်းတွေရဲ့ လျှို့ဝှက်နံပါတ်ကို ပြောကြားဖို့ တောင်းခံခဲ့တာကိုလည်း သူပဲ လုပ်ခဲ့တာဖြစ်တယ်လို့ ဒုရဲမှူးမြင့်လွင်က ပြောပါတယ်။ ရဲမှတ်တမ်းတွေက ဖုန်းနံပါတ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့အတွက် အဲဒီလိုလုပ်ဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။ သတင်းထောက်တွေရဲ့ ဖုန်းတွေထဲကိုတော့ နောက်ပိုင်းမှာ မွှေနှောက်ရှာဖွေခဲ့ပါတယ်။

သတင်းထောက်တွေကို ပေးမအိပ်ခဲ့သလို သုံးရက်ဆက်တိုက် နှစ်နာရီခြားတစ်ခါ သူလျှိုတွေလားလို့ ရဲအရာရှိတွေ တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးမေးမြန်းခဲ့တယ်လို့ သတင်းထောက်နှစ်ဦးက ပြောကြားတယ်လို့ ဇွန် ၁၁ ရက်နေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

“သာမန်ရဲစခန်းမှာ ထိန်းသိမ်းထားခဲ့တယ်ဆိုတာ လုံးဝမမှန်ပါဘူး” လို့ ကိုဝလုံးက ပြောပါတယ်။

“ဒါဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်း ဖြစ်ပါတယ်” လို့ သတင်းထောက်တွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။

သူတို့နှစ်ဦးဟာ အရင်က မသိခဲ့တဲ့ ရဲအရာတွေက ဖုန်းဆက်ခေါ်ယူ ချိန်းဆိုမှုကို သွားရောက်တွေ့ဆုံပြီး အပြန်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ရဲတွေပေးလိုက်တဲ့ စာရွက်လိပ်တွေနဲ့အတူ အဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီစာရွက်တွေထဲမှာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ ပါဝင်တယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။

အဲဒီနောက် သူတို့နှစ်ဦးကို ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲထားတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက တောင်းဆိုနေကြပေမယ့် ဂျပန်သတင်းဌာန NHK World နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီး ဂရုဏာသက်ပုံ မပေါ်ပါဘူး။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်အရေး သတင်းယူနေတုန်း အဖမ်းခံရတာမဟုတ်ဘဲ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုုးဖောက်တဲ့အတွက် အဖမ်းခံရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ကိစ္စတိုင်းဟာ လုပ်ထုံးလုပ်နည်းများအတိုင်းသာဖြစ်ပြီး တရားစီရင်မှုကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ကိုဝလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောဆိုခဲ့တယ်ဆိုတာ ကြားသိရတဲ့အတွက် ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

“ဒါကို ကျွန်တော် ကြားရတာ ဝမ်းနည်းမိတယ်။ သူ (ဒေါ်အောင်ဆန်းစုကြည်) သတင်း အပြည့်အဝ မရလို့လည်း ဖြစ်မှာပါ။ ဒါတွေအကုန်လုံးက ရခိုင်ကိစ္စကြောင့်ပဲ” လို့ သူကပြောပါတယ်။

အဖမ်းခံရချိန်တုန်းက ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ်၊ အင်းဒင်မှာ လူ ၁၀ ဦး အသတ်ခံရတဲ့သတင်းကို ဖော်ထုတ်ရေးသားဖို့ ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar