ဖမ်းဆီးခံ သတင်းထောက်များကိစ္စ နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာထည့်ခွင့်မရ

UPDATED: 2:50 PM.

ဖမ်းဆီးခံ ရိုက်တာသတင်းထောက်နှစ်ဦးနှင့်စပ်လျဉ်း၍ အစိုးရက အမြန်ဆုံးဖြေရှင်းပေးရန် တိုက်တွန်းထားသည့် ကြော်ငြာကို အခကြေးငွေပေး၍ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းရန် သတင်းထောက်အချို့က ကြိုးပမ်းခဲ့ရာ သုံးရက်ကြာပြီးမှ ကြော်ငြာထည့်ခွင့်မပြုဟု ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းပြန်ခဲ့သည်။

ထိုသို့ ထည့်ခွင့်မပြုကြောင်းကို ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ပိုင်ထူးက တယ်လီဖုန်းဖြင့် အကြောင်းကြားလာခြင်းဖြစ်သည်။

“ကျွန်တော်တို့သတင်းစာတွေမှာ ကြော်ငြာစိစစ်တဲ့ အယ်ဒီတာဘုတ်အဖွဲ့ရှိပါတယ်။ အခုလောလောဆယ်မှာ ကိုဝလုံးတို့ကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ဖက်က သတင်းထုတ်ပြန်တာတွေ ထည့်ပေးနေပါတယ်။ ဒီကြော်ငြာကိုတော့ ထည့်ဖို့ မသင့်သေးဘူးလို့ စိစစ်တဲ့အဖွဲ့က ဆုံးဖြတ်ပါတယ်”ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံရမှု နှစ်ပတ်ပြည့်ခါနီးအထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသလို မိသားစုပင် တွေ့ခွင့်မရသေးသည့်အခြေအနေကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေရှင်းပေးရန်နှင့် မျှတသော တရားရင်ဆိုင်မှု ရရှိစေရန်တို့ကို အဆိုပါကြော်ငြာတွင် တိုက်တွန်းသည်။

ရဲတပ်ဖွဲ့ဝင်အချို့ကခေါ်ယူ၍ အချက်အလက်များပေးသည်ကို သွားရောက်ယူဆောင်စဉ် အဖမ်းခံခဲ့ရသော အငြင်းပွားဖွယ်ရာအခြေအနေကိုလည်း ယင်းကြော်ငြာတွင် ထောက်ပြထားပြီး ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး(ခ) ကိုမိုးအောင်တို့မှာ သတင်းထောက်တာဝန် ထမ်းဆောင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်၍ ၎င်းတို့နှင့်အတူရပ်တည်ကြောင်း ဖော်ပြထားသည်။

ကြော်ငြာကို နိုင်ငံပိုင်သတင်းစာများတွင် အခကြေးငွေပေး၍ ထည့်သွင်းရန် သတင်းထောက်များပူးပေါင်း လှုပ်ရှားမှုအဖွဲ့(နေပြည်တော်)ပေါ်ပေါက်ရေး ဆောင်ရွက်နေသူ ၂၆ ဦးက စီစဉ်ခြင်းဖြစ်သည်။ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးရှိ ကြော်ငြာလက်ခံရာဌာနသို့ ဒီဇင်ဘာ ၂၁ ရက်နေ့ကတည်းက သွားရောက်ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့တွင်ပူးပေါင်းပါဝင်သည့် Frontier သတင်းထောက်ကိုယ်တိုင် ကြော်ငြာဌာနရုံးဖုန်းနှင့် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ပိုင်ထူးထံသို့ သုံးရက်အတွင်း အကြိမ် ၃၀ ကျော် ဆက်သွယ်ခဲ့သော်လည်း ယနေ့ မွန်းတည့်ချိန်အထိ တိကျသောပြန်ကြားချက်တစ်စုံတစ်ရာ မရခဲ့ပေ။

“ပြန်ကြားရေးဆိုတာ ပြည်သူလူထုဘတ်ဂျက်နဲ့ ထူထောင်ထားတဲ့ ဌာနတခု ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေရတာကို အများသိအောင် ကြေငြာသွားထည့်တာ”ဟု သတင်းထောက်များပူးပေါင်း လှုပ်ရှားမှုအဖွဲ့(နေပြည်တော်)ဝင် ဧရာဝတီသတင်းဌာနမှ ကိုထက်နိုင်ဇော်က ရှင်းပြသည်။

အခြားသောပူးပေါင်းပါဝင်သူတစ်ဦးဖြစ်သည့် မဇ္ဈိမသတင်းထောက် ကိုမင်းမင်းက “ထည့်လို့မရဘူး ဆိုရင် ပြဿနာပိုကြီးမှာစိုးလို့ သူတို့ဝေ့လည်ကြောင်ပတ် လုပ်တယ်လို့ ကျွန်တော်တော့ အဲဒီလိုယူဆတယ်” ဟု မှတ်ချက်ပြုသည်။

ကြော်ငြာထည့်ခွင့်ပြုမပြုသိရှိနိုင်ရန် ကိုယ်တိုင်ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည့် 7Day TV မှ ကိုစိုးရကမူ “ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိကို တိုက်ရိုက်ဆက်သွယ်ပြီး အကြိမ်ကြိမ်ဖုန်းဆက်တယ်။ အဲဒါကြောင့် ဒီကိစ္စကို ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့် တိတိလင်းလင်း တာဝန်ခံရမှာဖြစ်တယ်။ ဂုဏ်သိက္ခာရှိတဲ့ စာရေးဆရာ၊ သတင်းစာဆရာတစ်ဦးကနေ ဒီမိုကရေစီစနစ်ကို ဦးတည်သွားနေတဲ့ အရပ်သားအစိုးရက ခန့်အပ်တာဝန်ပေးလို့ ပြန်ကြားရေးဝန်ကြီး ဖြစ်လာတဲ့ သူ့အနေနဲ့ တိတိလင်းလင်း တာဝန်ခံရမှာ ဖြစ်ပါတယ်” ဟု ဝေဖန်သည်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၁၄ နှစ်အထိကျခံရနိုင်သည့် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့်အမှုဖွင့်စစ်ဆေးနေသည်ဟုသာ အစိုးရကထုတ်ပြန်ထားပြီး မည်သည့်အချိန်တွင် တရားရုံးတင် စစ်ဆေးမည်နှင့် မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်တို့ကိုမူ ယနေ့တိုင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုယ်တိုင်ပင် ဖမ်းဆီးခံသတင်းထောက်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှုမရှိရန်နှင့် ရှေ့နေ၊ မိသားစုဝင်တို့နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထားသည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar