ဖမ်းဆီးခံ လူငယ် ၄၉ ဦးမှာ စစ်သင်တန်း တက်ရောက်ခဲ့ခြင်းမရှိဟု ကေအိုင်အို ငြင်းဆို၊ လွှတ်ပေးရန် တောင်းဆို

အစိုးရက ပြောကြားသကဲ့သို့ လူငယ် ၄၉ ဦးမှာ စစ်သင်တန်း တက်ရောက်ရန် လိုင်ဇာသို့ သွားရောက်ခဲ့ခြင်းမဟုတ်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)က ပြောကြားသည်။

ကချင်ပြည်နယ်မှ လူငယ် ၄၉ ဦးအား မတရားအသင်း ဆက်နွယ်မှုဖြင့် ဖမ်းဆီး အရေးယူထားမှုကို ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)က ပြစ်တင်ရှုံ့ချလိုက်ပြီး ၎င်းလူငယ်များမှာ တိုက်ခိုက်ရေး တပ်ဝင်များမဟုတ်ပဲ ကေအိုင်အို၏ အရပ်ဖက် စွမ်းရည် မြှင့်တင့်မှု အစီအစဉ်အား တက်ရောက်ခဲ့ကြခြင်းသာဖြစ်သည်ဟု ပြောကြားသည်။

ဖမ်းဆီးမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး ထုတ်ပြန်ချက်ဖြစ်သည့် အောက်တိုဘာ ၁၁ ရက်နေ့က ၎င်းတို့၏ ကြေညာချက်တွင် ဖမ်းဆီးခံရမှု ဖြစ်ပေါ်စေခဲ့သည့် ကိစ္စကို လိုင်ဇာရှိ ကေအိုင်အို ကိုယ်စားလှယ်များက ရှင်းလင်းပြောကြားထားပြီး ဖမ်းဆီးခံရသူအများစုမှာ ကချင်ပြည်နယ်မြောက်ပိုင်း ဝေးခံခေါင်ဖျားသည့် ပူတာအိုမြို့နယ်မှ လီဆူးနှင့် ရဝမ်တိုင်းရင်းသားများ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။

ကေအိုင်အို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အတွင်းရေးမှူးဖြစ်သူ ဂွမ်အောင်က အဆိုပါ လူငယ်များသည် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် မူးယစ်ဆေးအလွဲသုံးမှု၊ ကချင်ဘာသာစကားနှင့် ယဉ်ကျေးမှု၊ ဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင်နှင့် ကေအိုင်အို၏ နိုင်ငံရေးသဘောတရားများကို သင်ကြားပေးမည့် ၂၅ ရက်ကြာ သင်တန်းတက်ရန်အတွက် လိုင်ဇာသို့ လာရောက်ခဲ့ကြခြင်း ဖြစ်သည်ဟု Frontier ကို ပြောကြားသည်။

သို့သော်လည်း တရုတ်ပြည်နယ်စပ်မှ ကေအိုင်အို ဌာနချုပ်ဖြစ်သော လိုင်ဇာရှိ စိုက်ပျိုးရေး ကောလိပ်အနီးသို့ မြန်မာအစိုးရတပ်များ၏ ဗုံးဆံများ ကျရောက်ခဲ့သည့်အတွက် သင်တန်းအား ရက်မပြည့်မီ ရပ်ဆိုင်းခဲ့ရသည်။ ထို့နောက် အဆိုပါလူငယ်များသည် ဗန်းမော်သို့ သွားရောက်ကာ ထိုမှတစ်ဆင့် ပူတာအိုသို့ ပြန်နိုင်ရန်အတွက် ကေအိုင်အိုက ထိန်းချုပ်ထားသည့် အခြားမြို့တစ်ခုဖြစ်သော မိုင်ဂျာယန်သို့ ထွက်ခွာခဲ့ကြသည်။

သို့သော် တိုက်ပွဲများကြောင့် အဆိုပါလမ်းကြောင်းမှာ အန္တရာယ်ရှိသဖြင့် တရုတ်ပြည်ဘက်မှ လှည့်ကာ သွားရောက်ခဲ့ကြရသည်။ ၎င်းတို့တွင် နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်များ မပါရှိသောကြောင့် တရုတ်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ၎င်းတို့အား ဖမ်းဆီးကာ မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်ဟု ဂွမ်အောင်က ပြောသည်။

၎င်းတို့အား မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁) အရ အရေးယူထားပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် နှစ်နှစ်မှ သုံးနှစ်အထိ ကျခံရဖွယ် ရှိနေသည်။

အဆိုပါ လူငယ်များသည် မိုင်ဂျာယန်တွင် စစ်သင်တန်းတက်ရောက်ခဲ့သည်ဟု တပ်မတော်ပိုင် မြဝတီသတင်းစာက ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ရေးသားချက်ကို ကေအိုင်အို၏ သတင်းနှင့် ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီးနော်ဘူက ငြင်းဆိုခဲ့သည်။

“သူတို့ စစ်သင်တန်းတက်ခဲ့တယ်ဆိုရင် အစိုးရနယ်မြေထဲကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်လွှတ်မှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ လူငယ်အဖွဲ့ ဗန်းမော်ထောင်မှ ပြန်လည်လွတ်မြောက်လာရေးအတွက် ဘုရားကျောင်း တာဝန်ရှိသူများက အာဏာပိုင်များနှင့် ညှိနှိုင်းရန် ကြိုးစားနေသည်ဟုလည်း ၎င်းကပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းရန် Kachin Baptist Convention မှ ခေါင်းဆောင်များအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကမူ အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနအား ပြီးခဲ့သည့် ရက်သတ္တပတ်က မေးမြန်းခဲ့သည်ဟုဆိုသည်။

“၄၉ ယောက်ဆိုတာ ဖမ်းဆီးထားဖို့အတွက် များလွန်းပါတယ်။ သူတို့ကို ပြန်လွှတ်ပေးသင့် ပါတယ်။ သူတို့က တိုင်းပြည်တိုးတက်ဖို့အတွက် စိုက်ပျိုးရေးသင်တန်းပဲ တက်ခဲ့ကြတာပါ” ဟု ၎င်းကပြောသည်။

အဆိုပါသင်တန်းကို ရှစ်ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်သော်လည်း ဖြစ်ရပ်တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိဟု ဂွမ်အောင်က ပြောကြားပြီး ဖမ်းဆီးခံရသည့်သတင်းကို ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ပြောကြားသည်။

“ပုဒ်မ ၁၇(၁)ကို ဖျက်သိမ်းပေးဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ တောင်းဆိုသင့်ပါတယ်။ ကချင်တွေအပေါ်မှာ ဒီဥပဒေကို မကြာခဏ သုံးကြလေ့ရှိတယ်” ဟု ၎င်းကပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေး သဘောတူညီချက်ဟုခေါ်သည့် သဘောတူညီချက်ကို ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ကိုမူ တရားမဝင်အသင်းအဖြစ်မှ အစိုးရက ဖယ်ရှားပေးခဲ့သည်။

အဆိုပါ သဘောတူညီချက်တွင် ပါဝင်ရန်အတွက် တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတို့နှင့် ဆွေးနွေးနေဆဲဖြစ်သည့် အဓိက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့တွင် ကေအိုင်အိုလည်း ပါဝင်သည်။

ပြီးခဲ့သည့် ဇွန်လမှ သြဂုတ်လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် တပ်မတော်က မြေပြင်ထိုးစစ်များနှင့် လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ တိုးမြှင့်လာသည်ဟု လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တစ်ခုဖြစ်သည့် The Free Burma Rangers က မှတ်တမ်းပြုစုထားသည်။

သြဂုတ်လနှောင်းပိုင်းက စတင်ကာ တပ်မတော်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို ကြုံတွေ့နေရသည်ဟု ကေအိုင်အို၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်က ပြောကြားသည်။ လိုင်ဇာမြို့အနီးရှိ အချက်အချာကျသည့် တောင်ကုန်းများသို့ နေ့စဉ် အမြှောက်ဖြင့် ပစ်ခတ်မှုများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းတို့က ပြောကြားသည်။

သတင်း- PAUL VRIEZE

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.