ဖမ်းဆီးခံ မြန်မာဂျာနယ်လစ်နှစ်ဦးကိစ္စ မြန်မာအစိုးရက ဘင်္ဂလားဒေရှ့်ကို မေးမြန်းထား

UPDATED

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရ်ှ ခရိုင်မြို့ဖြစ်တဲ့ ကော့ဘဇားမှာ သတင်းယူနေရင်း သူလျှိုလုပ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမှုတွေလုပ်နေတယ်လို့ မြန်မာ အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဘယ်လိုဖြစ်တာလဲဆိုတာ အခုမေးေနတယ်။ အသေးစိတ်မသိရသေးဘူး”လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားပါတယ်။

“ကျွန်တော်တို့ အစိုးရချင်း မေးမြန်းနေပါတယ်။ အခြေအနေ သေချာသိရမှ ဆက်လုပ်လို့ရပါမယ်။ ခု မေးမြန်းနေတုန်းပဲ ရှိပါသေးတယ်” လို့လည်း သူက Frontier ကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာစာနယ်ဇင်းကောင်စီကလည်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ထံ ပြောကြားထားတယ်လို့ ကောင်စီက ဦးအောင်လှထွန်းကပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေရှ့် သံအမတ်ကြီးထံ ဖုန်းဆက်ခဲ့ပေမယ့် သံအမတ်ကြီး ရုံးဆင်းသွားပြီဖြစ်လို့ ဆက်သွယ်မှု မရရှိခဲ့ဘူးလို့လည်း သူက ဆက်လက်ပြောကြားပါတယ်။ စနေ၊ တနင်္ဂနွေဟာ ရုံးပိတ်ရက်တွေ ဖြစ်တာကြောင့် သံအမတ်ကြီးထံ စာပေးပို့သွားမယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

ရိုဟင်ဂျာတွေအကြောင်း သတင်းသွားရောက် ရယူနေတဲ့ မြန်မာဓာတ်ပုံဆရာနှစ်ဦးကို သူလျှိုလုပ်တယ်လို့ မသင်္ကာမှုနဲ့ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ယနေ့ ရေးသားလိုက်တာဖြစ်ပါတယ်။

အဲဒီသတင်းအရ ဂျာမန်မဂ္ဂဇင်းတစ်စောင်အတွက် သတင်းဓာတ်ပုံသွားရောက်ရိုက်ကူးနေတဲ့ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ကို နယ်စပ်အနီးက ကော့ဘဇာမှာ လွန်ခဲ့တဲ့ရက်သတ္တပတ် တစ်ပတ်ကျော်က ထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ အဲဒီနေရာမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတယ်ဆိုတဲ့ ရိုဟင်ဂျာ ၃၉၀,၀၀၀ လောက် ခိုလှုံနေထိုင်နေကြပါတယ်။

ဂျာနယ်လစ်ဗီဇာအစား ကမ္ဘာ့လှည့်ခရီးသွားဗီဇာနဲ့ နိုင်ငံတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သူတို့ကို စွပ်စွဲခဲ့ပြီးနောက် “အယောင်ဆောင်မှု”၊ “အချက်အလက် အမှားတွေ” ပေးအပ်မှုနဲ့ သူတို့ကို တရားစွဲဆိုထားတယ်လို့ သူတို့ရဲ့ရှေ့နေဖြစ်သူက ပြောပါတယ်။

သူတို့နှစ်ဦးကို စက်တင်ဘာ ၇ ရက်နေ့ကတည်းက ဖမ်းဆီးထားတာဖြစ်တယ်လို့ သူတို့ကို တာဝန်ပေးထားတဲ့ ဟန်းဘတ်မြို့အခြေစိုက် GEO မဂ္ဂဇင်းက သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ အဲဒီမဂ္ဂဇင်းရဲ့ တာဝန်ပေးချက်အရ ဒုက္ခသည်ပြဿနာကို သတင်းရယူဖို့ ကော့ဘဇာကို စက်တင်ဘာအစောပိုင်းမှာ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

သူလျှိုလုပ်မှုနဲ့ သူတို့နှစ်ယောက်ကို စွပ်စွဲထားတယ်လို့ ကော့ဘဇာ ရဲတပ်ဖွဲ့အကြီးအကဲ့ Ranjit Kumar Barua က အေအက်ဖ်ပီကို ပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ရိုဟင်ဂျာတွေရဲ့ သတင်းအချက်တွေကို သူတို့ စုဆောင်းနေခဲ့ကြတယ်” လို့သူကပြောပါတယ်။

သူတို့နှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေရှ့် ဓာတ်ပုံဆရာကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

သူတို့ကို ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကို စက်တင်ဘာ ၁၃ ရက်နေ့ကမှ ကြေညာခဲ့တာဖြစ်ပြီး အာမခံလျှောက်ထားမှုကို တရားရုံးက စက်တင်ဘာ ၁၄ ရက်နေ့မှာ ပယ်ချခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်ရှေ့နေ Jyotirmoy Barua က အေအက်ဖ်ပီကို ပြောပါတယ်။

မင်းဇေယျာဦးဟာ ”ဆုတွေရရှိထားတဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး သူ့လက်ရာတွေကို New York Times၊ Guardia နဲ့ National Geographic တို့လို ဂုဏ်သရေရှိ မဂ္ဂဇင်းကြီးတွေမှာ ဖော်ပြခံခဲ့ရတယ်” လို့ သူက ပြောကြားပါတယ်။

အခုလို မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အာမခံငြင်းပယ်ခြင်းခံခဲ့ရတဲ့အတွက် အလွန်ပင် စိုးရိမ်ပူပန်မိတယ်လို့ GEO မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မင်းဇေယျာဦးဟာ နိုင်ငံတကာမှ ကျော်ကြားတဲ့ ဆုရဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး ကမ္ဘာ့ပေါ်က စာနယ်ဇင်းပညာနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆုတံဆိပ်တွေကို ရရှိထားသူဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မင်းဇေယျာဦးဟာ ရိုက်တာသတင်းဌာနအတွက် လုပ်ကိုင်ခဲ့ဖူးပြီး ကချင်ပြည်နယ်က ခွန်လတ်ကတော့ ပေါ်ပြူလာဂျာနယ်မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။

သတင်း- မြတ်ကျော်သူ၊ ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar