ဖန်တီးရာ၏ တတိယမြောက် Accelerator အစီအစဉ်အတွက် Startup လုပ်ငန်း ၅ ခု ရွေးချယ်

မြန်မာနိုင်ငံတွင် နည်းပညာ Accelerator လုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသည့် ဖန်တီးရာက Accelerator အမှတ်စဉ် ၃ အတွက် မြန်မာနိုင်ငံမှ အလားအလာအရှိဆုံး နည်းပညာ Startup ၅ ခုတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွေးချယ်ခံရသည့် နည်းပညာ Startup များသည် ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၂၅,၀၀၀ အထိ၊ Amazon နှင့် Facebook တို့ အပါအဝင် အကျိုးတူ ပူးပေါင်းပါဝင်သော လုပ်ငန်းများထံမှ ကူညီထောက်ပံ့မှုများ၊ အလုပ်လုပ်ကိုင်ရန် ရုံးခန်းနေရာ၊ ပြည်တွင်းနှင့်ပြည်ပ နည်းပေးလမ်းညွှန်သူ ၅၀ ကျော်ထံမှ ခြောက်လကြာမြင့်မည့် လမ်းညွှန်ပြသမှုတို့ကို ရရှိမည်ဖြစ်သည်။

ယခုနှစ် အစီအစဉ်တွင် အနုပညာ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဖက်ရှင် နှင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းများ ပါဝင်မည် ဖြစ်သည်။

“နှစ်တိုင်းနှစ်တိုင်းမှာ Startup လုပ်ငန်းအသစ်တွေ ထွက်ပေါ်လာနေပြီး မြန်မာနိုင်ငံရဲ့ နည်းပညာစီးပွားရေး ရပ်ဝန်းကို ပြောင်းလဲနေကြပါတယ်။ အခု ဒီတည်ထောင်သူတွေက မြန်မာ့ရိုးရာ ဝတ်စုံတွေကို ပြုလုပ်၊ ဝတ်ဆင်ချင်တဲ့သူတွေ၊ ပြည်တွင်းအနုပညာလက်ရာ ပန်းချီကားတွေကို ရောင်းဝယ်ချင်တဲ့သူတွေ၊ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ လယ်သမားတွေ၊ အိမ်တွေကို ငှားရမ်းချင်တဲ့ အိမ်ရှင်နဲ့ အိမ်ငှားတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေနဲ့ ကန်ထရိုက်တာတွေကို ချိတ်ဆက်ပေးတဲ့ဟာတွေ စသည်ဖြင့် နယ်ပယ်ဆုံပါဝင်ပါတယ်။ အခုဆိုရင်လည်း သူတို့ရဲ့ ထုတ်ကုန်ဝန်ဆောင်မှုတွေကို ပြည်သူပြည်သားတွေ စတင် အသုံးပြုနေကြပြီဖြစ်ပြီး မြန်မာနိုင်ငံက ထောင်ပေါင်းများစွာသောလူတွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်” ဟု ဖန်တီးရာ Accelerator ၏ Accelerator Director ဖြစ်သူ João Dutra က ပြောကြားသည်။

ဖန်တီးရာ Acceraotor ကို ၂၀၁၆ ခုနှစ်တွင်စတင်ခဲ့ပြီး ထိုစဉ်အချိန်မှစ၍ နည်းပညာ Startup ပေါင်း ၁၁ ခု အောင်မြင်ခဲ့ကာ Startup လေးခုမှာ ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးမြှုပ်နှံမှုများကို ထပ်မံရရှိခဲ့ပြီး ဖြစ်သည်။

ဖန်တီးရာ Accelerator မှ အောင်မြင်ပြီးသွားကြသော Startup လုပ်ငန်းများမှာ အမှတ်စဉ် ၁ မှ Chate Sat၊ Ezstay၊ GoP၊ White Merak တို့ဖြစ်ကြပြီး အမှတ်စဉ် ၂ တွင် Amazing Express၊ MMTutors၊ NextCode၊ RecyGlo၊ Pancasikha၊ Shwe Bite၊ နှင့် Kone Si တို့ဖြစ်သည်။ Fitness Application တစ်ခုဖြစ်သော Flexible Pass ကိုလည်း အစပိုင်းကထဲကပင် Founder Institute Yangon အစီအစဉ်မှတဆင့် ကျောထောက်နောက်ခံပြုပေးထားပြီးဖြစ်သည်ဟု ဖန်တီးရာက ပြောကြားသည်။

“ဖန်တီးရာက ကျွန်မတို့ရဲ့ အိုင်ဒီယာတွေ၊ စိတ်ကူးပြင်းပြမှုတွေကို အကောင်အထည်ဖော်နိုင်ဖို့ကို အကောင်းဆုံး ကူညီပံ့ပိုးပေးခဲ့ပါတယ်။ အဲတာတွေထဲမှာ နည်းပေးလမ်းပြမှုတွေသာမကပဲ ပြည်ပကလူတွေနဲ့ ချိတ်ဆက်ပေးတာတွေလည်း ပါဝင်ပါတယ်” ဟု RecyGlo ၏ အမှုဆောင်အရာရှိချုပ်နှင့် တည်ထောင်သူ မရွှေယမင်းဦးက ပြောကြားသည်။

ယခုနှစ်အတွက် ရွေးချယ်ခံရသည့် Startup ၅ ခု

Asia Art Connect

Asia Art Connect သည် ပြည်တွင်းနှင့် အာရှဒေသတွင်းမှ ပန်းချီအနုပညာရှင်များ၏ ပန်းချီကားများကို နိုင်ငံတကာဈေးကွက်သို့ အွန်လိုင်းမှ ရောင်းချနိုင်ရန် ဖန်တီးပေးထားသော Professional Marketplace Website တစ်ခု ဖြစ်သည်။ Asia Art Connect သည် မြန်မာနိုင်ငံ၏ ပန်းချီ Industry ကို နည်းပညာ အထောက်အပံ့နှင့် အကူအညီပေးရန်အတွက် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပန်းချီကားများ ဝယ်ခြင်း၊ ငှားရမ်းခြင်းနှင့် ပန်းချီအနုပညာနှင့်ဆိုင်သော လုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

တည်ထောင်သူများ – မဇာခြည်လင်း၊ ကိုကျော်ကျော်လင်း

Hivephing

Hivephing သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အခြေခံအလုပ်သမားများဖြစ်သော ပန်းရံသမားများ၊ လက်သမားများ၊ ဆေးသုတ်သမားများ၊ အလုပ်သမားအဖွဲ့ငယ်များ၊ ပညာရှင်များကို လိုအပ်သော လုပ်ငန်းခွင်များနှင့် အွန်လိုင်းမှတဆင့် ချိတ်ဆက်ပေးသည်။

တည်ထောင်သူ – ကို Auon Khay

Hydro Plant

Hydro Plant သည် စိုက်ပျိုးရေးလုပ်ကိုင်နေသော လယ်သမားများအား hydroponic နှင့် aquaponic စိုက်ပျိုးရေး နည်းစနစ်များအသုံးပြုကာ ဈေးနှုန်းသက်သာပြီး တိကျသော နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးသည်။

တည်ထောင်သူများ – ကိုထက်အောင်၊ မသင်းသန္တာဦး၊ မပွင့်ပွင့်စန်း

Nay Yar

နေရာသည် လက်ရှိဈေးကွက်အခြေအနေအရ အခန်း ငှားရမ်းရန် နှစ်ချုပ်ကြိုတင်ပေးချေမှုကို ရှောင်လွှဲနိုင်ပြီး ဝင်ငွေနည်းပါးသော သို့မဟုတ်၊ ဝင်ငွေ အလယ်အလတ်ရှိသူများ လက်လှမ်းမှီစွာဖြင့် ငှားရမ်းနိုင်ရန် ဆောင်ရွက်ပေးသည်။

တည်ထောင်သူ- ကိုအန်ဒရူးကျော်

One Sett

ဝမ်းဆက်သည် အရည်အသွေးပြည့်မီသော်လည်း ကိုယ်ပိုင် အပ်ချုပ်ဆိုင် ဖွင့်လှစ်နိုင်ချင်းမရှိ၊ ဈေးကွက် ချဲ့ထွင်နိုင်မှုမရှိပဲ ပုံမှန်ဝင်ငွေ ရှာရန်ခက်ခဲနေသော စက်ချုပ်သမား အမျိုးသမီးများကို ဝင်ငွေလည်ပတ်မှု ကောင်းမွန်အောင် ကူညီအားဖြည့်ပေးနေသော Online Platform တစ်ခုဖြစ်သည်။

တည်ထောင်သူ – မယုသူဇင်ထက်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar