ရန်ကုန်၊ ဇန်နဝါရီ ၁
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်က ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ နှစ်သစ်ကူးနှုတ်ဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
“၂၀၁၇ ခုနှစ်ကာလမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်အနေနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ယနေ့ထုတ်ပြန်ခဲ့သည့် ၎င်း၏ နှုတ်ဆက်စကားတွင် ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ခုနှစ်အတွင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရ ပြောင်းလဲတာဝန်ယူခဲ့ပြီးနောက် အဆိုပါ လုပ်ငန်းစဉ်များ အောင်မြင်အောင်လည်း တပ်မတော်က ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးခဲ့သည်ဟု ၎င်းကပြောကြားသည်။
သို့သော် ကချင်ပြည်နယ်အချို့ဒေသ၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်လာသည့်အတွက် တပ်မတော်က အသက်သွေးချွေး များစွာပေးဆပ်ပြီး တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထိုသို့ဆောင်ရွက်ခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော် အစိုးရ၏ လုပ်ငန်းတာဝန် အရပ်ရပ်ကို ထိပါးလာမှုတွေကို ကာကွယ်ပေးရန် တာဝန်ရှိသည့်အတိုင်း တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ နှုတ်ဆက်စကားတွင် တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများဟု သုံးနှုန်း ပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်။