ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထရူးဒိုးတို့ ဆွေးနွေး

ကနေဒါနိုင်ငံ၏ ဖက်ဒရယ်စနစ်အား လေ့လာရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးတို့ ဇွန် ၇ ရက်နေ့က တွေ့ဆုံကာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါစနစ်က မြန်မာနိုင်ငံအတွက် တည်ငြိမ်အေးချမ်းမှုကို ယူဆောင်လာလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားသည်။

“ကျွန်မဒီကိုရောက်လာရတာကို ပျော်ရွှင်မိပါတယ်။ အထူးသဖြင့် ကျွန်မတို့ သွားနိုင်ဖို့ ကြိုးစားနေတဲ့ ဖက်ဒရယ်စနစ်ကို လေ့လာရတာကို ဝမ်းသာမိပါတယ်။ ကျွန်မတို့က ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီးကို တည်ထောင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ရှင်တို့လို အလုပ်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုကြီး ဖြစ်လာနိုင်ဖို့အတွက် ကျွန်မတို့ ဆက်လက် လျှောက်လှမ်းကြရဦးမှာ ဖြစ်ပါတယ်” ဟု ပါလီမန်ရုံးခန်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထရူးဒိုးကို ကြည့်ကာ ပြောကြားခဲ့သည်။ “ဒါပေမယ့် ကျွန်မတို့ အဲဒီကို ရောက်ရှိရမယ်ဆိုတာကတော့ သေချာပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒိမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများအတွက် ပံ့ပိုးပေးနေသည့် အနောက်နိုင်ငံ အနည်းငယ်ထဲတွင် ကနေဒါနိုင်ငံလည်း ပါဝင်သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အမျိုးမျိုးနှင့် ဆယ်စုနှစ်ခုနစ်ခုနီးပါးကြာ ဖြဖစ်ပွားနေသည့် ပဋိပက္ခများ ရပ်ဆိုင်းသွားစေရေးအတွက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် ကနေဒါနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခြင်း ဖြစ်သည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက မည်သည့် ဖက်ဒရယ်စနစ်ကို ပုံဖော်ရမည်ကို စဉ်းစားခဲ့ကြသည်။ သို့သော် အဆိုပါအတွေးအခေါ်မှာ ကနဦးအဆင့်တွင်သာ ရှိနေသေးသည်။

တပ်မတော်သားများနှင့် မိသားစုဝင် စုစုပေါင်း ၁၂၂ ဦးနှင့်အတူ ပျောက်ဆုံးခဲ့သည့် တပ်မတော်လေယာဉ်နှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်းကိုလည်း ကနေဒါဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် ၎င်းက “ရိုဟင်ဂျာများအပါအဝင် လူနည်းစုဘာသာဝင်များနှင့် တိုင်းရင်းသားများအား ကာကွယ်စောင့်ရှောက်ရန်၊ လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များအရေးကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အရှိန်မြှင့်တင်ရေးအတွက် အားပေးတိုက်တွန်းခဲ့သည်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ထိခိုက်လွယ်သူများအတွက် အရေးပေါ် အစားအသောက်၊ အမိုးအကာနှင့် ကျန်းမာရေးအကူအညီများပေးရန်အတွက် ကနေဒါက ဒေါ်လာ ၈ ဒသမ ၈ သန်း ပေးအပ်မည့်အစီအစဉ်ကိုလည်း ထရူးဒိုးက ကြေညာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ကနေဒါက ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ၂၀၀၇ ခုနှစ်က ချီးမြှင့်ထားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar