ပွင့်လင်းမြင်သာမှု စစ်တမ်းတွင် တပ်မတော်ပိုင်လုပ်ငန်းများ ရလဒ်ဆိုးရွားနေဆဲ

တပ်မတော်ပိုင် ကုမ္ပဏီနှစ်ခုနှင့် ပုဂ္ဂလိကပိုင် အခြားလုပ်ငန်းအချို့သည် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပွင့်လင်းမြင်သာမှု စစ်တမ်းတွင် ရလဒ်များ ထပ်မံဆိုးရွားနေဆဲဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်က စီးပွားရေးအရ ပိတ်ဆို့အရေးယူသည့် စာရင်းမှ မကြာမီ ကင်းလွတ်ဖွယ်ရှိသည့် လုပ်ငန်းအချို့မှာ စစ်တမ်းတွင် အဆိုးရွားဆုံး ရလဒ်များ ရရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

တတိယအကြိမ်မြောက် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံစာကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business)က စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ တိုင်းပြည်၏ ထိပ်တန်းအခွန်ပေးဆောင်သည့် ကုမ္ပဏီ ၁၀၀ အား စစ်တမ်းကောက်ယူ ပြုစုထားသည့် စာရင်း၏ ထိပ်ပိုင်းတွင် အပြောင်းအလဲ အနည်းငယ်သာ ရှိသည်ကို တွေ့ရသည်။

အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုမှသည် လူ့အခွင့်အရေးဆိုင်ရာ တိုင်ကြားမှုများအား ဖြေရှင်းပေးရန် ဆောင်ရွက်ထားမှုများအထိ ပါဝင်သောအချက်အလက်များအား ၎င်းတို့၏ ဝက်ဘ်ဆိုက်များတွင် တင်ပြကြေညာထားမှုများအပေါ် မူတည်ပြီး ကောက်ယူသည့် စစ်တမ်းအရ ပြည်သူလူထုထံ သတင်းအချက်အလက်များ ထုတ်ပြန်မှုတွင် မှတ်တမ်းကောင်းများရှိထားသည့် ကုမ္ပဏီများမှာ ထပ်မံတိုးတက်မှုများ ရှိလာသည်ကို တွေ့ရသည်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီး နှစ်ခုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လိမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့မှာမူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကတိကဝတ်များနှင့် လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ တစ်စုံတစ်ရာ ချမှတ်ကြေညာထားခြင်း မရှိသည်ကို တွေ့ရသည်။

ဦးဌေးမြင့် ပိုင်ဆိုင်ပြီး မြေယာသိမ်းဆည်းမှုဆိုင်ရာ တိုင်ကြားချက်အများအပြားခံထားရသည့် ယုဇနအုပ်စုမှာမူ စစ်တမ်းတွင် သုညမှတ်သာ ရရှိခဲ့သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေ ပိုင်ဆိုင်သည့် ဇေကမ္ဘာကုမ္ပဏီမှာလည်း ကိုယ်ပိုင် ဝက်ဘ်ဆိုက်မရှိသောကြောင့် စစ်တမ်းတွင် ထည့်သွင်းကောက်ယူနိုင်ခြင်းမရှိသည့် ကုမ္ပဏီ ၃၄ ခုတွင် အပါအဝင်ဖြစ်နေသည်။

မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသေးသည့် အရေးယူပိတ်ဆို့ထားမှုများအား ဖယ်ရှားပေးမည်ဟု အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာခဲ့ပြီးနောက် အဆိုပါ လုပ်ငန်း လေးခုလုံးမှာ အမေရိကန် ဘဏ္ဍာရေးဌာန၏ အထူးပစ်မှတ်ထားအရေးယူပိတ်ဆို့သည့် စာရင်းမှာ ယခုလအကုန်တွင် ကင်းလွတ်ဖွယ် ရှိနေသည်။

အဆိုပါ ကြေညာချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည့် အလားအလာက နောက်ကျကျန်နေသည့် လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်နည်းကိုင်နည်းများကို သိသိသာသာ ပြုပြင်လာရေးအတွက် မက်လုံးများ ထပ်မံဖြစ်လာမည်ဟု MCRB ၏ ဒါရိုက်တာဖြစ်သူ ဗစ်ကီဘိုမန်က ပြောကြားသည်။

“ဒီဆုံးဖြတ်ချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေကို ပိုမို ပွင့်လင်းမြင်သာမှု ရှိလာစေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကုမ္ပဏီတွေအနေနဲ့ အတူလက်တွဲ လုပ်ဆောင်ဖို့ လုပ်ဖော်ကိုင်ဖက်တွေ ရှာဖွေတဲ့အခါ သူတို့ကိုယ်သူတို့ တခြားသူတွေနဲ့ ကွဲပြားမှုရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းပြောသည်။

“သေချာတာကတော့ ကျမတို့ စကားပြောမိတဲ့ နိုင်ငံခြားကုမ္ပဏီတိုင်းက သူ့တို့လုပ်ငန်းတွေမှာ ရှင်းရှင်းလင်းရှင်း ရှိစေဖို့နဲ့ ဥပဒေနဲ့အညီ ဖြစ်စေဖို့ လက်တွဲမယ့် ကုမ္ပဏီတွေမှာ ခိုင်မာတဲ့ အဂတိလိုက်စားမှု ကာကွယ်ရေး ပေါ်လစီတွေ ရှိသလားဆိုတာကို ကြည့်ကြပါတယ်” ဟု ၎င်းကပြောသည်။

“ပွင့်လင်းမြင်သာမှုနဲ့ အဖွဲ့အစည်း အုပ်ချုပ်ပုံတွေ ပြောင်းလဲဖို့အတွက် ခိုင်ခိုင်မာမာနဲ့ ချက်ချင်း မလုပ်ဆောင်ဘူးဆိုရင် ဇေကမ္ဘာနဲ့ ယုဇနလို ကုမ္ပဏီတွေ နောက်မှာ ကျန်ခဲ့မှာ ဖြစ်ပါတယ်” ဟု ဘိုမန်ကပြောသည်။

ယခုနှစ် စစ်တမ်း၏ ဇယားတွင် ဦးသိမ်းဝေ(ခေါ်) Serge Pun ဦးဆောင်ကာ ရန်ကုန်စတော့ အိတ်ချိန်းတွင် ပထမဆုံး စာရင်းဝင်နိုင်ခဲ့သည့် First Myanmar Investment က ဦးဆောင်နေသည်။ ထိုနောက်တွင် ဦးသိမ်းဝေတစ်ဦးတည်း ပိုင်ဆိုင်သည့် Serge Pun and Associates က ဒုတိယနေရာတွေ ရှိနေသည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုမှ မကြာခင် လွတ်ကင်းတော့ဖွယ်ရှိသည့် Max Myanmar Group က ယခင်စစ်တမ်းများကဲ့သို့ပင် တတိယနေရာတွင် ရှိနေသည်။

MCRB အနေဖြင့် ကုမ္ပဏီများက ထုတ်ပြန်ထားသည့် အချက်အလက်များကိုသာ ကိုးကားပြီး စစ်တမ်းဆောင်ရွက်ရခြင်းဖြစ်သဖြင့် အဆိုပါ အချက်အလက်များအတိုင်း ကုမ္ပဏီများက အမှတ်တကယ် လုပ်ဆောင်မှုရှိမရှိကိုမူ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ။

သတင်း- ရှောင် ဂလေစင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.