ပြဿနာတွေကို မူးယစ်ဆေးနဲ့ မဖြေရှင်းနိုင်

မွန်ပြည်နယ်မှ ဒေသခံများက လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲခြင်းမှာ ၎င်းတို့ပြည်နယ်အတွင်း ပိုမိုဆိုးရွားလာလျက်ရှိပြီး မွန်ပြည်သစ်ပါတီက ဦးဆောင်လျက်ရှိသော မူးယစ်ဆေး သုံးစွဲမှုတိုက်ဖျက်ရန် ရည်ရွယ်သည့် အစီအစဉ် တစ်ရပ်မှာလည်း လုပ်ဆောင်နိုင်စွမ်းပိုင်းဆိုင်ရာ အကန့်အသတ်များနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ပြောကြသည်။

ချိုင်ဆောင်န် ရေးသားသည်။

ဒီဇင်ဘာ ဒုတိယပတ်က ဆိုင်ကယ်စီးလာသည့် ကိုအားသစ်သည် မွန်ပြည်သစ်ပါတီ New Mon State Party ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ MNLA မှ စစ်သားများ တာဝန်ယူထားသည့် မုဒုံစစ်ဆေးရေးဂိတ်အလွန်တွင် ဖမ်းဆီးခံခဲ့ရသည်။

ဒေသခံ မွန်လူမှုအသိုင်းအဝိုင်း၌ မူးယစ်ဆေး သုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူအဖြစ် လူသိများနေသည့် ကိုအားသစ်သည် ရာဘဟုလည်း လူသိများသော မက်သာဖက်တမင်း ဆေးပြားများ သယ်ဆောင်လာကြောင်း မွန်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့မှ စစ်သားများက သတင်းရရှိထားသည်။

ကိုအားသစ်အား မဖမ်းဆီးမီ ၎င်း၏ဇနီးသည်က ခင်ပွန်းဖြစ်သူ၏ ပုံမှန်မဟုတ်သော ထူးခြားအပြုအမူများကို ကြောက်သည်ထက် ကြောက်လန့်လာခဲ့ကြောင်း မုဒုံမြို့နယ်၏ လူမှုအသိုင်းအဝိုင်းခေါင်းဆောင် နိုင်ဗညား၏ အဆိုအရ သိရသည်။

ကိုအားသစ်သည် မူးယစ်ဆေးဝယ်ရန် ငွေထုတ်မပေးပါက တခါတရံ ဇနီးသည်အား သတ်ပစ်မည်ဟု ခြိမ်းခြောက်သည်အထိ ဖြစ်ခဲ့သည်ဟု နိုင်ဗညားက Frontier ကို ပြောပြသည်။ တခါက ကိုအားသစ်သည် ဇနီးသည်အား ကျောက်ခဲကြီးတစ်ခဲဖြင့် လှမ်းထုလိုက်ရာ ပွတ်ကာသီကာ လွဲသွား၍ တော်တော့သည်။

မွန်ပြည်သစ်ပါတီက ဖွင့်လှစ်ထားသည့် ပြန်လည်ထူထောင်ရေးစခန်း။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

မွန်ပြည်သစ်ပါတီက ဖွင့်လှစ်ထားသည့် ပြန်လည်ထူထောင်ရေးစခန်း။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ကိုအားသစ်၏ဇနီးမှာ အကြောက်အလန့် ပိုလာခဲ့ပြီး မွန်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များက ကိုအားသစ်အား အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရန်အထိ မျှော်လင့်ခဲ့မိကြောင်း နိုင်ဗညားက ဆိုသည်။ ယခုအခါ ကိုအားသစ်မှာ မွန်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့၏ မူးယစ်ဆေးဝါး မူဝါဒအရ ပြန်လည်ထူထောင်ရေး စခန်းတစ်ခု၌ သုံးလတာ နေထိုင်ရတော့မည်ဖြစ်သည်။

 “တခါတလေ ကျွန်တော့်ဆီ သူလာပြီး (မွန်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များထံ) အသိပေးဖို့ အကူအညီတောင်းခဲ့ပေမဲ့ သူ့အဖေကို ကြောက်ရတာကြောင့် ကျွန်တော် မကူညီနိုင်ခဲ့ဘူး” ဟု ကိုဗညားက ဆိုသည်။

ဒီဇင်ဘာလ နှောင်းပိုင်းတွင် ကိုအားသစ်၏ သူငယ်ချင်းလည်းဖြစ်၊ မူးယစ်ဆေးသုံးသူချင်းလည်း ဖြစ်သည့် ကိုအားပြိုင်သည် ယာဘဆေး အလွန်အကျွံ သုံးစွဲခြင်းကြောင့် စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်လာခဲ့သည်။ ကိုအားပြိုင်သည် ကလော့သွပ်ကျေးရွာ ရေတွင်းတစ်တွင်း၌ ဓားကိုင်ရပ်နေပြီး ရေခပ်ရန်ကြိုးစားသူ မည်သူကိုမဆို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ မိခင်ဖြစ်သူအား အိမ်ကို သူ့ထံ လွှဲပြောင်းပေးရန် အကျပ်ကိုင် တောင်းဆိုခဲ့သော်လည်း မိခင်က ငြင်းဆိုခဲ့သည်။

“ရဲကိုအကြောင်းကြားဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ပေမဲ့ ရဲကိုခေါ်တဲ့အသံကို သူကြားတော့ ထွက်ပြေးသွားတယ်” ဟု ကလော့သွပ်ကျေးရွာ ဒေသခံ နိုင်စီက ပြောသည်။

မွန်ပြည်နယ်မှ ဒေသခံများ၏ ပြောကြားချက်အရ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သော အကြမ်းဖက်မှု အရေအတွက်မှာ တဖြည်းဖြည်း မြင့်တက်လာလျက် ရှိသည်ဟု သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ဝန်းရိုင်ကျေးရွာ၌ မက်သာဖက်တမင်း အသုံးပြုသူတစ်ယောက်သည် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှု မခံရမီ လူငါးယောက်အား ဓားဖြင့်ထိုးသတ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

မူးယစ်ဆေးဝါး အသုံးပြုမှုမှာ ထိန်းမရအောင် တဖြည်းဖြည်း မြင့်တက်လာနေပြီး မွန်လူငယ် မျိုးဆက်သစ်များ၏ အနာဂတ်အပေါ် ဆိုးရွားသော သက်ရောက်မှုများ ရှိနေနိုင်ခြင်းကို မွန်လူမှုအသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိသည်။

မွန်ပြည်နယ်၌ နံနက်စောစောတွင် ရဟန်းသံဃာတော်များကို ဆွမ်းလောင်းရန် သက်ကြီးရွယ်အိုများ သွားရောက်စောင့်ဆိုင်းနိုင်သည့် အများပြည်သူပိုင် ဇရပ်များကို ရွာသူရွာသားများက ဆောက်ထားလေ့ရှိသည်။ မူးယစ်ဆေးသုံးသူများသည် ထိုဇရပ်များတွင် တစ်ညလုံး နေထိုင်ကာ သီချင်းများ ကျယ်လောင်စွာ ဖွင့်တတ်ကြ၍ အများကို အနှောက်အယှက် ဖြစ်စေသည်ဟု ရွာသားများက Frontier ကို ပြောကြသည်။ နံနက်မိုးလင်းသောအခါ ဇရပ်ပတ်ပတ်လည်၌ မူးယစ်ဆေး မှီဝဲရန် အသုံးပြုသော ပစ္စည်းပစ္စယများ ပြန့်ကြဲနေသည်ကို မကြာခဏ တွေ့ရလေ့ရှိသည်ဟုလည်း ၎င်းတို့ကဆိုသည်။

မွန်ယဉ်ကျေးမှု၌ အလှူအတန်းရှိ၍ အစားအစာ ချက်ပြုတ်ခြင်း၊ သို့မဟုတ် နေအိမ် ပြင်ဆင်ခြင်းတို့တွင် အိမ်နီးနားချင်းများ တစ်ဦးကိုတစ်ဦး အပြန်အလှန် ကူညီကြလေ့ရှိသည်။ အကူအညီပေးမှုကို တုံ့ပြန်သောအားဖြင့် အိမ်ရှင်ကလည်း အစားအသောက်များ ကျွေးမွေးလေ့ရှိသည်။ သို့သော် ယခုအခါ အစားအသောက်အစား မူးယစ်ဆေးဝါး တောင်းလာခြင်းမှာ အများစုဖြစ်လာကြောင်း ပိုတွေ့လာရသည်။

မူးယစ်ဆေး သုံးစွဲသူများက ကျူးလွန်သည့် ခိုးမှုများမှာလည်း ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ မုဒုံမြို့နယ်မှ ရာဘာခြံပိုင်ရှင် နိုင်ငသည် မကြာသေးမီက ၎င်း၏ မော်တော်ဆိုင်ကယ် အခိုးခံခဲ့ရပြီး ယင်းမှာ မူးယစ်ဆေး သုံးစွဲသူများ၏ လက်ချက်ဟု ၎င်းက ယုံကြည်နေသည်။

“တန်ဖိုးမရှိတဲ့ ဒီဟာလည်း သင်းတို့ ယူချင်ယူကြဦး” ဟု လဲတပ်ထားသည့် ဆိုင်ကယ်နောက်ဘီး တာယာဟောင်းကို ကန်ရင်း နိုင်ငက ပြောသည်။

မွန်ပြည်နယ်တွင် မူးယစ်ဆေးကို ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ရရှိနိုင်ပြီး ယာဘဆေး တစ်ပြားမှာ ပုံမှန်အားဖြင့် ကျပ် ၅,၀၀၀ သာ ကျသင့်သည်။

၂၀၁၃ ခုနှစ်အတွင်းက မွန်ဒေသ လူ့အခွင့်အရေးဖောင်ဒေးရှင်းအဖွဲ့က မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ မွန်ကျေးရွာ ၁၀ ရွာမှ လူပေါင်း ၁၄၀ ကို လူတွေ့မေးမြန်းခဲ့ဖူးသည်။ ထိုစစ်တမ်းက မေးမြန်းခဲ့သည့် လူငယ်များ၏ ၃၈ ရာခိုင်နှုန်းမှာ မူးယစ်ဆေး သုံးစွဲသူများဖြစ်ပြီး ယာဘမှာ လူကြိုက်အများဆုံးဖြစ်ကာ စိတ်ကြွဆေးအပျော့စားဖြစ်သည့် ဘိန်းစာရွက်(Kratom leaf) မှာ ဒုတိယလူကြိုက်အများဆုံးဖြစ်သည်။

“လူငယ်အများစုက စာသင်ဖို့ စိတ်မဝင်စားတော့ပါဘူး။  သူတို့က တခြားလှုပ်ရှားမှုတွေမှာလည်း စိတ်ဝင်စားပုံ မပေါ်ပါဘူး” ဟု ကလော့သွပ် ကျေးရွာမှ ရာဘစွဲနေသူတစ်ဦးအပါအဝင် သားနှစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ချစ်အုန်းက ဆိုသည်။

“တခြားအလုပ်ကိစ္စတွေမှာ သူဝင်လုပ်ဖို့ ကျွန်မကြိုးစားကြည့်ဖူးပေမဲ့ သူက စိတ်မဝင်စားဘူး ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။ မုဒုံတွင် ဆေးဝါးရှာရ ခက်ခဲလိမ့်မည်ဟု ယုံကြည်သည့်အတွက် ထိုမြို့သို့ ပြောင်းရွှေ့သွားရန် စီစဉ်နေသည်ဟုလည်း ဒေါ်ချစ်အုန်းက ဖြည့်စွက်ပြောကြားသည်။

“မူးယစ်ဆေး ရောင်းချသူတွေကို ဆန့်ကျင်တိုက်ဖျက်တဲ့ အရေးယူလုပ်ဆောင်မှုတွေ ကျွန်မတို့ ဆောင်ရွက်ဖို့ လိုနေပါပြီ။ ဒီအတိုင်းသာ ဘာမှမလုပ်ဘဲနေရင် ကျွန်မတို့မှာ ပြဿနာအများကြီး ရှိလာနိုင်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

မွန်ပြည်နယ်တွင် မူးယစ်ဆေး ပြဿနာ ပိုမိုဆိုးရွားလာခဲ့သောကြောင့် ၂၀၁၂ ခုနှစ်၌ မူးယစ်ဆေး တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို မွန်ပြည်သစ်ပါတီက ဖွဲ့စည်းခဲ့သည်။ ယင်းအထူးတပ်ဖွဲ့သည် လူမှုအဖွဲ့အစည်းအတွင်းမှ ပြည်သူများ၏ အကြံပြုချက်များကို အားပြုဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေး သုံးစွဲမှုဖြင့် အဖမ်းခံရသူများအား စခန်းတစ်ခုအတွင်း၌ သုံးလကြာ နေထိုင်စေလျက်ရှိသည်။ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားကြောင်း သက်သေထင်ရှားတွေ့ရှိရပါက တစ်နှစ်မှ ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သည်။

လူငယ်အများအပြား သုံးစွဲနေကြသည့် ယာဘခေါ် မက်သာဖက်တမင်း မူးယစ်ဆေးပြား ပြဿနာမှာ မြင့်မားလာနေသည်ဟု ဒေသခံများက ဆိုသည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

လူငယ်အများအပြား သုံးစွဲနေကြသည့် ယာဘခေါ် မက်သာဖက်တမင်း မူးယစ်ဆေးပြား ပြဿနာမှာ မြင့်မားလာနေသည်ဟု ဒေသခံများက ဆိုသည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

သို့ရာတွင် ယင်းလှုပ်ရှားမှုမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ၌ ဦးသိန်းစိန်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးသော်လည်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ၌ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သော မွန်ပြည်သစ်ပါတီနှင့် အစိုးရအကြား ဆက်ဆံရေး တင်းမာမှုအချို့ ဖြစ်ပွားစေခဲ့သည်။

ယမန်နှစ် အောက်တိုဘာလတွင်မူ အစိုးရထိန်းချုပ်သည့် နယ်မြေများ၌ ဆေးစွဲသူများကို ဆက်လက်ဖမ်းဆီးပါက နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ချိုးဖောက်သောအန္တရာယ် ဖြစ်ပေါ်စေမည်ဟု အစိုးရက မွန်ပြည်သစ်ပါတီကို သတိပေးခဲ့ဖူးသည်။ မွန်ပြည်သစ်ပါတီသည် ထိုအချိန်မှစ၍ အစိုးရထိန်းချုပ်သည့် နယ်မြေများတွင် လှုပ်ရှားဆောင်ရွက်နေမှုကို လျှော့ချခဲ့ပြီးဖြစ်သည်။

ပြည်သူများက ဆေးစွဲနေသော သူငယ်ချင်းများနှင့် မိသားစုဝင်များအား မွန်ပြည်သစ်ပါတီ၏ လေ့ကျင့်ရေးစခန်းများရှိရာ ခေါ်လာနိုင်ပြီး ယင်းစခန်းများတွင် ၎င်းတို့၏ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် အကူအညီများ ရယူနိုင်ပေသည်။ ပြစ်ဒဏ်များ ကျခံရမည် မဟုတ်ပေ။

ပါတီက အခြားအဖွဲ့အစည်းများထံမှ အကူအညီ မရရှိသဖြင့် လေ့ကျင့်ရေးစခန်းများသည် ကြီးမားသော ဝန်ထုတ်ဝန်ပိုးတစ်ခုသဖွယ် ဖြစ်သည်ဟု ကရင်ပြည်နယ်နှင့်ထိစပ်နေသော ကြာအင်းဆိပ်ကြီးရှိ မွန်ပြည်သစ်ပါတီရုံးခွဲ ဥက္ကဋ္ဌ နိုင်ရာဇာက ပြောသည်။

“သူတို့ရဲ့ကလေးတွေကို ကျွန်တော်တို့ဆီ ခေါ်လာတဲ့ မိသားစုတွေရှိပါတယ်၊ ကျွန်တော်တို့ကလည်း သူတို့ကို ကူညီလိုပါတယ်။ ဒါပေမဲ့ အထောက်အကူပြုပစ္စည်း မလုံလောက်တဲ့ ပြဿနာ ကျွန်တော်တို့မှာ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

“နောက်ပြဿနာကတော့ သူတို့ကို ကြည့်ရှုစောင့်ရှောက်ရတာ ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုဖြစ်နေတာပါပဲ” ဟုလည်း ထပ်လောင်း ရှင်းပြခဲ့သည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မွန်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးစခန်းရှေ့၌ လုံခြုံရေးယူထားစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar