ပြုပြင်ပြောင်းလဲရေးတွင် သူရဲကောင်းဝါဒနှင့် အောင်မြင်မှုရမည်ဆိုသည့် အတွေးအခေါ်ကို စွန့်လွှတ်ရန် မြဝတီသတင်းစာ သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသည့် အမတ်လောင်းများ မဲဆွယ်စည်းရုံးရေးလုပ်ရာတွင် ပုတ်ခတ် ပြောဆိုမှုများရှောင်ရှားရန်နှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် သူရဲကောင်းဝါဒနှင့် အောင်မြင်မှုရမည်ဆိုသည့် အတွေးအခေါ်ကို စွန့်လွှတ်ရန် တပ်မတော်ပိုင် မြဝတီသတင်းစာက ယနေ့ သတိပေးရေးသားထားသည်ကို တွေ့ရသည်။

လာမည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရက်သတ္တပတ်သုံးပတ်ခန့်အလိုတွင် မြဝတီသတင်းစာ၏အယ်ဒီတာ့အာဘော်ကဏ္ဍ၌ ထိုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။

“သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းပြောခြင်းသည် စကားများများပြောလျှင် အမှားပါတတ်သည့် သဘောအတိုင်း ပြိုင်ဘက်တို့၏ ငြိုငြင်ခံရမှုမှတစ်ဆင့် အကျယ်အကျယ် အငြင်းဖွယ် ရှုပ်ထွေးလာနိုင်သည်”ဟု ရေးသားသည်။

လွှတ်တော်အသီးသီးမှ လစ်လပ်သွားသည့် ကိုယ်စားလှယ် နေရာများအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၏ မဲဆွယ်စည်းရုံးရေးကာလကို ယခုလ ၃၀ ရက်မှ မတ် ၃၀ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသည်။

တပ်မတော်အရာရှိကြီးများ ဦးစီးသည့် မြဝတီသတင်းစာ၏ အဆိုပါအယ်ဒီတာ့အာဘော်က မြန်မာ့ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် “တစ်ဦးတစ်ယောက်တည်းက စွမ်းဆောင်နိုင်သည့် သူရဲကောင်းဝါဒ”ဖြင့် အောင်မြင်မည်နိုင်မည့်ဆိုသည့် အတွေးအခေါ်ကို စွန့်လွှတ်ကြရန်လည်း တိုက်တွန်းထားသည်။

“ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ တစ်ဦးတစ်ယောက်တည်းက စွမ်းဆောင်နိုင်သည့် သူရဲကောင်းဝါဒနှင့် တစ်ဖွဲ့တစ်သင်း တစ်ဖက်စောင်းနင်းဝါဒတို့ဖြင့် ဆောင်ရွက်မရနိုင်သည်ကို အားလုံးသိကြပြီးဖြစ်သည်” ဟု ရေးသားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ခုနစ်ဦး စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မစတင်ကတည်းက ထိုစဉ်က တိုင်းပြည်ကို အုပ်ချုပ်နေသည့် တပ်မတော်အစိုးရက ဦးစီးကာ ရွေးကောက်ပွဲတွင် လိုက်နာရန်ကျင့်ဝတ်နှင့် ဥပဒေများ ပြဌာန်းခဲ့ခြင်းကို ကြည့်ပါက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအတွင်း ပြောဆိုမှုများကို တပ်မတော်ဘက်က သတိထား စောင့်ကြည့်နေသည်ကို မြင်နိုင်ကြောင်း ရွေးကောက်ပွဲနှင့် လွတ်တော်ဆိုင်ရာ အခြေအနေများကို သုတေသနပြုလုပ်လျှက်ရှိသည့် ပွင်းလင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်က ပြောကြားသည်။

“ကိုယ်စားလှယ်လောင်းတွေမှာ ကျင့်ဝတ်စည်းမျဉ်းစည်းကမ်းတွေ အတိအလင်း ပြဌာန်းထားပြီးသားပါ။ ဒီပေါ်မှာ ဘယ်သူ့ဘယ်သူမှ ထွေထူးပြီး စိုးရိမ်သောကရောက်နေစရာ မလိုဘူးထင်တယ်”ဟု ဦးအေးကျော်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ်ကျင်းပပြီး အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များအတွက် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြားနှစ်များတွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပလေ့ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်ပဲ အလိုလျှောက် ၂၅ ရာခိုင်နှုန်းခွဲတမ်းဖြင့် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိထားသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar