ပြုပြင်ပြောင်းလဲမှုများကို အောက်ခြေက စတင်သွားမည်ဟု သမ္မတပြောကြား

အစိုးရက ရှေ့ဆက်လျှောက်လှမ်းမည့် ပြုပြင်ပြောင်းလဲရေးအား အောက်ခြေက စတင်သွားမည်ဟု သမ္မတဦးဝင်းမြင့်၏ ယနေ့ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ပြည်ထောင်စုအစိုးရ ရှေ့ဆက်လက် လျှောက်လှမ်းမယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေက စတင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“ပြည်သူနဲ့ အတူ၊ စုပေါင်း အင်အားဆိုတဲ့ သဘောတရားနဲ့ ပြုပြင်ပြောင်းလဲရေးကို ချဉ်းကပ်ရမှာ ဖြစ်ပါတယ်။ ပြည်သူနဲ့အတူဆိုရာမှာ ပြည်သူရဲ့အသံကို နားထောင်ရုံသာမကဘဲ ပြည်သူတွေရဲ့ဆန္ဒသဘောထား တွေကို အလေးအနက်ထားပြီး စုပေါင်းအင်အားကို တည်ဆောက်ရမှာ ဖြစ်ပါတယ်”ဟုလည်း ဦးဝင်းမြင့်က ပြောကြားသည်။

ပြုပြင်ပြောင်းလဲမှုများနှင့် အံမဝင်ခွင်မကျသည့် နေရာများတွင် သွက်လက်ထက်မြက်ပြီး အရည်အသွေးရှိသူများဖြင့် လူစားလဲမှုများ လုပ်သင့်ပါကလည်း လုပ်ဆောင်ရမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

“အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံ ဆောင်ရွက်တဲ့အနေနဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်တွေကို အခြေခံပြီး ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့လည်းရှိပါတယ်” ဟု ၎င်းကပြောကြားသည်။

“ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ကျွန်တော်တို့ လိုက်နာရမယ့် အခြေခံမူကတော့ “တည်ငြိမ်မှုကိုလည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလည်း ဖြစ်ပေါ်စေ” တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု အဆင့်ဆင့်ရှိရေးဆိုသည့် စံနှုန်းကိုအခြေခံပြီး ပြုပြင်ပြောင်းလဲမှုများအား ပြည်ထောင်စုအစိုးရ၊ အခြားမဏ္ဍိုင်ကြီးများ၊ တတ်သိပညာရှင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူများ၏ စုပေါင်းအင်အားဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဦးဝင်းမြင့်က ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ မိဘပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ဖို့ ကိုယ်ရောစိတ်ပါ မြှုပ်နှံပြီး ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ စုပေါင်းအင်အားသစ်တွေ တည်ဆောက်နိုင်ကြမယ်ဆိုရင် တူညီတဲ့ ရည်ရွယ်ချက်၊ မျှော်မှန်းထားကြတဲ့ ပန်းတိုင်ကို အမြန်ဆုံး မြင်တွေ့ကြရမယ်ဆိုတာကို အလေးအနက် ယုံကြည်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကဏ္ဍအသီးသီးအလိုက် ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကားတွင် သမ္မတဦးဝင်းမြင့်က ဝန်ထမ်းများအတွက် အိမ်ယာများ တည်ဆောက်ပေးရေး၊ ဝန်ထမ်းလစာများ တိုးမြှင့်ပေးရေးနှင့် လျှပ်စစ်မီး တိုးတက် ရရှိရေး၊ တောင်သူလယ်သမားများနှင့် လယ်ယာမြေကိစ္စများ၊ ပညာရေးကိစ္စများကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ယိမ်းယိုင်နေသည့် တရားစီရင်ရေးစနစ် တည့်မတ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စများကိုလည်း ထည့်သွင်းပြောကြားသွားသည်

“ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ တရားမျှတမှုနဲ့ ဆင်ခြင်တုံတရားကို ချိန်ခွင်လျှာထိန်းညှိနိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်အောင် ကြိုးပမ်းရပါလိမ့်မယ်။ ဥပဒေ၏ ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရေး၊ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရပါမယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး “ဌာနဆိုင်ရာအတော်များများရဲ့ ဓလေ့သဖွယ် စွဲကပ်နေတဲ့ အဂတိလိုက်စားမှုတွေကို ပိုမိုတိုက်ဖျက်ရာမှာ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်အခွင့်အရေးနဲ့ တာဝန်ကို ဘက်ညီမျှတအောင် ပြန်လည် သုံးသပ်ပြီး ဌာနဆိုင်ရာတစ်ခုချင်းက တာဝန်ခံပြီး အသီးသီး ဆောင်ရွက်ကြရပါလိမ့်မယ်” ဟု ၎င်းကပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မီဒီယာနှင့် ပြည်သူများက မှန်ကန်စွာ ရှာဖွေဖော်ထုတ်ရေးကို ဆောင်ရွက်ပေးကြရန်လည်း ၎င်းကပြောကြားပြီး လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများ၏ ပါဝင်ပတ်သက်မှု၊ ဝင်ရောက်စွက်ဖက်မှုများကို တိကျခိုင်လုံသည့် အချက်အလက်အထောက်အထားများဖြင့် တိုင်ကြားကြရန်လည်း တိုက်တွန်းခဲ့သည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အရှိန်အဟုန်မြင့်မားစေဖို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ စီမံချက်ချမှတ်၍ ယခင်ကထက် ပိုမိုကြိုးပမ်း ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်း နှိုးဆော်ပြီး ဖြစ်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြှင့်တင်ကာကွယ်ပေးနိုင်ရေးအတွက် အစိုးရ၊ CBO နှင့် CSO များ၊ မီဒီယာ၊ ပြည်သူများ ပူးပေါင်းပြီး အရှိန်အဟုန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု ၎င်းက ပြောကြားသည်။

“လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ ကိုယ်တိုင်ကလည်း မည်သူ့ အခြေခံအခွင့်အရေး၊ လူသားဂုဏ်သိက္ခာကိုမျှ မထိပါးစေဘဲ ဥပဒေနဲ့အညီ မျှတမှန်ကန်စွာ ဆောင်ရွက်ဖို့ အလေးထားရပါမယ်” ဟု ၎င်းက ပြောကြားသည်။

မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ရေးအတွက် အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်သည့် လက်ကြီးသမားများကို ဦးစားပေးနှိမ်နင်းမည်ဟုလည်း ဦးဝင်းမြင့်က ပြောကြားသည်။

“မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့၊ သိလျက်နဲ့ လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်လာရင်လည်း အဓိက တာဝန်ရှိသူကို ဦးစားပေးပြီး အရေးယူမှုတွေ ပြုလုပ်ရမှာဖြစ်သလို ကွင်းဆက်ပျောက်သွားတဲ့၊ ပိုင်ရှင်မဲ့ ဖြစ်သွားတဲ့ မူးယစ်ဆေးဖမ်းဆီးရမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရပါလိမ့်မယ်” ဟု ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar