ပြန်လည်ရောက်ရှိလာမည့် ဒုက္ခသည်များအား ထားရှိမည့် ရခိုင်ပြည်နယ်မှ စခန်းသစ်များကို သပိတ်မှောက်မည်ဟု နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များက ပြီးခဲ့သည့် စနေနေ့တွင် သတိပေးလိုက်ပြီး ဒုက္ခသည်များအား ၎င်းတို့၏ မူလနေရာများတွင် ပြန်လည်နေထိုင်ရန် ခွင့်ပြုသင့်သည်ဟု ပြေကြားလိုက်သည်။
Save the Children နှင့် Oxfam အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်း တစ်ဒါဇင်ကျော်က လက်မှတ်ရေးထိုးထားသည့် ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များအား နှစ်လအတွင်း ပြန်လည်လက်ခံမည်ဟု မကြာသေးမီက ကြေညာထားမှုနှင့် ပတ်သက်ပြီး “စိုးရိမ်ပူပန်မိသည်” ဟု ၎င်းတို့က ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်က ရိုဟင်ဂျာသူပုန်များအား နှိမ်နင်းသည့် စစ်ဆင်ရေး စတင်ခဲ့သည့် ပြီးခဲ့သည့် သြဂုတ်လက စတင်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇာခရိုင်သို့ မူဆလင် ၆၂၀,၀၀၀ ကျော် ထွက်ပြေးခဲ့ကြသည်။
ရခိုင်ပြည်နယ်သို့ ပြန်သွားကြသူများအနေဖြင့် အစပိုင်းတွင် ယာယီစခန်းများ၌ နေထိုင်ကြရဦးမည်ဟု ပြီးခဲ့သည့်နိုဝင်ဘာလတွင် ပြန်လည်ခေါ်ယူရေး သဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးပြီးနောက် ဘင်္ဂလားဒေရှ့်က ပြောကြားသည်။
အဆိုပါကြေညာချက်ကြောင့် ဒုက္ခသည်များအနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ရိုဟင်ဂျာတစ်သိန်းကျော်ကဲ့သို့ အခြေအနေမျိုးအား ထပ်မံကြုံတွေ့ရမည်ကို စိုးရိမ်မှုများ ပေါ်ထွက်လာစေခဲ့သည်။ ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် နေအိမ်များကို စွန့်ခွာခဲ့ရသူ ရိုဟင်ဂျာများမှာ ကျဉ်းကျပ်သည့် စခန်းများတွင် ယခုအချိန်ထိ နေထိုင်နေကြရဆဲဖြစ်သည်။
“ပိတ်ဆို့ထားတဲ့ စခန်းတွေ၊ ဒါမှမဟုတ် စခန်းပုံစံ လူနေထိုင်ရာ နေရာမျိုးတွေ မရှိသင့်ပါဘူး။ ဒါမျိုးတွေ ဖန်တီးမယ်ဆိုရင်လဲ INGO တွေအနေနဲ့ အဲဒီစခန်းတွေမှာ လုပ်ငန်း လုပ်ဆောင်မှာ မဟုတ်ပါဘူး” ဟု အကူအညီပေးရေးအဖွဲ့များက စနေနေ့က ပြောကြားသည်။ ပြန်ကြသူများအားလုံးမှာလည်း ၎င်းတို့ ဆန္ဒအလျောက်သာ ဖြစ်သင့်သည်ဟုလည်း ဆိုသည်။
သတင်း-အေအက်ဖ်ပီ