ပြတ်ပြတ်သားသားဆောင်ရွက်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို သမ္မတ တိုက်တွန်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားရန် လိုအပ်သည်ဟု သမ္မတဦးဝင်းမြင့်က ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ယနေ့တွေ့ဆုံရာတွင် တိုက်တွန်းပြောကြားသည်။

“သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးအဖြစ် တည်ဆောက်ရာတွင် အဂတိတရား ကင်းရှင်းမှုသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ အဂတိတရား ကင်းရှင်းမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့်လည်း ဆက်စပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များကို တိတိကျကျ မှန်မှန်ကန်ကန်ဖြင့် ပိုမို လုပ်ဆောင်စေလိုပါကြောင်း၊ အဂတိလိုက်စားမှုများ လျော့ပါးသွားပါက ပြည်သူများ၏အကျိုးစီးပွားကို တိုးမြှင့် ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်သည်ဟု မှတ်ယူနိုင်ပါကြောင်း” ဦးဝင်းမြင့်က ပြောကြားသည်ဟု သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများ၏ ဝင်ရောက် စွက်ဖက်မှုများ၊ စွပ်စွဲခံရသူဘက်မှ အကာအကွယ်ပေးမှုများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြစေလိုသည်ဟုလည်း သမ္မတက ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ကော်မရှင်၏ လက်ရှိပြုပြင် ပြောင်းလဲဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ရှေ့ ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

ဦးအောင်ကြည် ခေါင်းဆောင်သည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ်ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့တွင် အစိုးရက ပြန်လည်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက် မတ်လအထိ သုံးလကျော်အတွင်း တိုင်ကြားမှု ၁,၅၈၄ မှု လက်ခံရရှိခဲ့ရာ အလားတူ ကာလချင်း နှိုင်းယှဉ်ပါက ငါးဆ ခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။

နောက်ဆုံးထုတ်ပြန်ထားသည့် အဂတိလိုက်စားမှုဆိုင်ရာ သဘောထားအမြင် အညွှန်းကိန်း(Corruption Perception Index – CPI) အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၀ ၌ရှိနေသည်။

ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကမူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ပြောထားသည့်အတိုင်း ဖြစ်အောင် လုပ်ဆောင်သွား မည်ဟု ပြောကြားကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar