ပြည်သူ့လွှတ်တော်က ဦးဝင်းမြင့်ကို ရွေးချယ်၊ သမ္မတဖြစ်ရေး ပိုမို ခိုင်မာလာ

ဉာဏ်လှိုင်လင်း

လစ်လပ်နေတဲ့ သမ္မတရာထူးအတွက် ဒုတိယသမ္မတစ်ဦးကို ယနေ့ရွေးချယ်ခဲ့ရာမှာ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)က တင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော်က အပြတ်အသတ် ထောက်ခံ မဲပေးလိုက်ကြပါတယ်။

အာဏာရပါတီဟောင်းဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ပျော်ဘွယ်အမတ် ဦးသောင်းအေးကို သူနဲ့အပြိုင် အမည်စာရင်းတင်သွင်းခဲ့ပေမယ့် ဦးဝင်းမြင့်က ထောက်ခံမဲ ၂၄၆ မဲအသာနဲ့ အနိုင်ရသွားပါတယ်။

သမ္မတအဖြစ်ကနေ နုတ်ထွက်သွားတဲ့ ဦးထင်ကျော်ဟာ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ရွေးချယ်ခဲ့သူဖြစ်တဲ့အတွက် လစ်လပ်နေတဲ့ရာထူးအတွက် ပြည်သူ့လွှတ်တော်ဖက်က အဆိုပြုရမှာဖြစ်လို့ အခုလို ဆောင်ရွက်ခဲ့တာပါ။

ဒါကြောင့် ဒုတိယသမ္မတများကြတဲ့ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်က ရွေးချယ်ခန့်အပ်ပြီးဖြစ်တဲ့ ဟန်နရီဗန်ထီးယူ၊ တပ်မတော်ကခန့်အပ်ထားတဲ့ ဦးမြင့်ဆွေတို့ထဲကတစ်ဦးကို သမ္မတအဖြစ်ရွေးချယ်တာဝန်ပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရမှာ ဖြစ်ပါတယ်။

ဒီအတွက် ပြည်ထောင်စုလွှတ်တော်အစည်းဝေးကို လာမယ့် တနင်္လာနေ့မှာပြုလုပ်မယ်လို့ ခန့်မှန်းရပါတယ်။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဝါရင့်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဇာတိဖြစ်တဲ့ သူဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုများမှာ ပါဝင်ခဲ့သလို နောက်ပိုင်းမှာ ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများမှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

အထက်တန်းရှေ့နေနဲ့ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ သူဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့အတွင်းရေးမှူး၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တို့အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar