ပြည်သူ့လိုအပ်ချက်နှင့် ကိုက်ညီသည့် အကူအညီများပေးရန် ကုလအေဂျင်စီများကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်၊ မေ ၁၁

အစိုးရသစ်၏ ဦးစားပေး လုပ်ငန်းအစီအမံများ၊ ပြည်သူ့လိုအပ်ချက်များနှင့် ကိုက်ညီသည့် အကူအညီများပေးရန် မြန်မာနိုင်င်ငံရှိ ကုလသမဂ္ဂ အေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“ကာလတို လုပ်ငန်းစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေးနှင့်အတူ ရေရှည်အတွက်ပါ အကျိုးဖြစ်ထွန်းရေးကို ဦးတည်ဆောင်ရွက်ရန် လိုအပ်ပါတယ်။ လူမှုဘဝလုံခြုံမှုနှင့် လွတ်လပ်မှှု (security and freedom) ကို ဟန်ချက်ညီညီဖြစ်အောင် ဖော်ဆောင်ပေးရန် လိုအပ်ပါတယ်။ မြန်မာနိုင်ငံဖက်ကလည်း ပူးပေါင်း ဆောင်ရွက်သွားပါမယ်”ဟု ၎င်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အဆိုပါ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မေ ၁၁ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ဌာနေညွှန်ကြားရေးမှူး မစ္စတာ တွိုင်လီကူဗာနော့ဗ်က အစိုးရသစ်နှင့် လက်တွဲပြီး အကူအညီများ ဆက်လက်ပေးသွားမည်ဟု တွေ့ဆုံပွဲအပြီးတွင် Frontier ကိုပြောသည်။

“ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာရော ငြိမ်းချမ်းရေး ပြဿနာတွေမှာပါ အစိုးရသစ်ကို ဘယ်လို ထောက်ပံ့ကူညီနိုင်မလဲဆိုတာကို ဆွေးနွေးဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဒုတိယဌာနေကိုယ်စားလှယ် မစ္စနိုရီကိုတာကာဂျီကလည်း မြန်မာနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်ဟု Frontier ကိုပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ မြန်မာပြည်ဆိုင်ရာ ဆက်သွယ်ရေးအရာရှိ မစ္စ ပီယာမယ် ပီချိုင်းဝမ်စီကမူ “မြန်မာနိုင်ငံရဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်။ အခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ တန်းတူအခွင့်အရေးရအောင် ဆက်လက် ဆောင်ရွက်ပေးမယ်” ဟု သတင်းထောက်များကို ပြောကြားသည်။

ယနေ့တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်း ၁၉ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar