နေပြည်တော်၊ မတ် ၃၀
ပြည်သူများအတွက် ၎င်းထက် ပိုကောင်းအောင် ဆောင်ရွက်ပေးနိုင်မည့်သူရှိပါက အချိန်မရွေး နောက်ဆုတ်ပေးသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
“ကျွန်မနိုင်ငံရေးလောကကို ဝင်လာကတည်းကအတိုင်း ကျွန်မ တစ်ခုတည်းသော ကတိတစ်ခုကို ပြုမယ်။ ကျွန်မ အကောင်းဆုံးလုပ်မယ်။ ကျွန်မ အကောင်းဆုံးထက်တော့ ပိုပြီးတော့ လုပ်လို့ မရဘူး။ ကျွန်မအကောင်းဆုံးက နိုင်ငံအတွက် ပြည်သူအတွက် မလုံလောက်ဘူးဆိုရင် ပိုပြီး လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံ လုပ်ပေးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုက တာဝန်ယူမယ်ဆိုလို့ရှိရင် ကျွန်မတို့ဟာ နောက်ဆုတ်ပေးဖို့အဆင်သင့်ပါပဲ” ဟု ၎င်းကပြောကြားခဲ့သည်။
၎င်း၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ယူမှု သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် မတ် ၃၀ ရက်နေ့ညက ပြောကြားခဲ့သည့် ရုပ်သံလွှင့်မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားခြင်းလည်း ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တစ်ရက်သာလိုတော့သည့်အချိန်တွင် ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများ၊ ရခိုင်ပြည်နယ်ပြဿနာများ၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေမှုများအပြင် အစိုးရအဖွဲ့အပေါ် ပြည်သူများ၏ ဝေဖန်နေမှုများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းပြောကြားသွားသည်။
“ဒီတစ်နှစ်အတွင်းမှာ ကျွန်မတို့ အဖွဲ့ဝင်တွေထဲက ကျွန်မတို့ ခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်ထဲက တိုင်းပြည်ရဲ့ တာဝန်ကို မကျေပွန်ဘူးလို့ ကျွန်မတို့ မြင်ခဲ့တာရှိပါတယ်။ ဒါမှမဟုတ် ကျွန်မတို့ပါတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာတာတွေလည်း ကျွန်မတို့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီလို ပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့ စည်းမျဉ်းစည်းကမ်းအရ အရေးယူပါတယ်။ နောင်လည်း ဒီလိုပဲ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ ချောမွေ့ဖို့အတွက်ဆိုလို့ရှိရင် ကျွန်မတို့ဟာ ဆန္ဒကတိအရ ကိုယ်နဲ့ နီးစပ်တဲ့လူတွေကို မကာကွယ်သင့်တဲ့အချိန်မှာ ကာကွယ်နေလို့ မဖြစ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ကျွန်မတို့ ရွေးထားတဲ့ ဝန်ကြီးများဟာ အားလုံး အတော်ဆုံးလား အကောင်းဆုံးလား ဆိုတာဟာ ဒါတော့လည်း အချိန်ကပဲ ပြသွားမှာပါ။ တစ်ချို့က တိုးတက်မှု ပိုနှေးတယ်၊ တစ်ချို့က တိုးတက်မှု ပိုမြန်တယ်။ ဒါပေမယ့် တစ်ချို့တွေကလည်း ရောက်နေတဲ့နေရာနဲ့ သင့်တော်ချင်မှ သင့်တော်မယ်။ ဒါတွေကတော့ ကျွန်မတို့ ကြည့်ပြီးတော့ ပြောင်းသင့် ပြောင်းထိုက်တာကို ပြောင်းရမှာပဲ။ ဒါ ပြည်သူတွေကလည်း ဒီကိစ္စတွေကို သိပိုင်ခွင့်ရှိပါတယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
၎င်းတို့အစိုးရအဖွဲ့အနေဖြင့် တစ်နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ကိစ္စရပ်အားလုံးမှာ နိုင်ငံ၏ အနာဂတ်ကို ရှေးရှုလုပ်ကိုင်ခဲ့ခြင်းသာဖြစ်သည်ဟု ၎င်းကဆိုသည်။
“တဒင်္ဂ လတ်တလော အများကြိုက်မယ့်ကိစ္စတွေ ဆိုပြီးတော့လည်း ကျွန်မတို့ ရွေးမလုပ်ပါဘူး။ တဒင်္ဂ လတ်တလော သြဘာပေးမယ့်ကိစ္စတွေဆိုပြီးတော့လည်း ကျွန်မတို့ ရွေးပြီးတော့ မလုပ်ခဲ့ပါဘူး။ လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စတွေကို ကျွန်မတို့ စွန့်စားပြီးတော့ လုပ်ခဲ့ပါတယ်။
“ဒါနဲ့ပတ်သက်လို့လည်း ပြည်သူလူထုဟာ ကျွန်မတို့ကို စမ်းသပ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ အခြေအနေဟာ ပြည်သူလူထု လိုချင်တဲ့အခြေအနေ ဟုတ်မဟုတ်ဆိုတာကိုလည်း ဆုံးဖြတ်ပိုင်ခွင့် ပြည်သူမှာ ရှိပါတယ်” ဟု ၎င်းကပြောကြားသည်။
အမျိုးသားဒီမိုကရေစီအစိုးရမှာ အမျိုးသားရင်ကြားစေ့ရေးအစိုးရဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟု ပြောခြင်းမှာလည်း ၎င်းတို့ပိုင်သည့် အစိုးရဟု ဆိုလိုခြင်းမဟုတ်ပဲ ၎င်းတို့ တာဝန်ယူသည်ဟု ဆိုလိုခြင်းသာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံ၏ ကိစ္စအဝဝကို ပြည်သူများနှင့်အတူ တာဝန်ယူ ထမ်းဆောင်သွားကာ နောက်နှစ်အား ချီတက်သွားလိုသည်ဟု ၎င်းကပြောကြားသည်။
“ဘယ်လိုဆောင်ပုဒ်မျိုးနဲ့ ဆက်သွားရင်ကောင်းမလဲဆိုတော့ တိုတိုတုတ်တုတ်နဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် “ပြည်သူနဲ့အတူ” လို့ ကျွန်မတို့ ဆက်ပြီးတော့ ဒီခရီးလမ်းကို ပြည်သူနဲ့အတူ လျှောက်သွားချင်ပါတယ်။
“ကျွန်မတို့နိုင်ငံရဲ့ ကိစ္စတွေအတွက်ကို ပြည်သူနဲ့ အတူတူ တာဝန်ယူမယ်။ ပြည်သူနဲ့ အတူတူ ကျွန်မတို့ ဒီတာဝန်တွေကို ထမ်းဆောင်မယ်။ ကျွန်မတို့အနေနဲ့ ဒီတာဝန်တွေကို ကျေပွန်ဖို့အတွက် ပြည်သူရဲ့အားကို ကျွန်မတို့ ယူသလို ကျွန်မတို့ရဲ့ စွမ်းအားတွေအားလုံးကိုလည်း ပြည်သူတွေအတွက် ကျွန်မတို့သုံးပါမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ပြည်သူနဲ့အတူ ကျွန်မတို့ နောက်နှစ်ကို ချီတက်သွားချင်ပါတယ်။
“အဲဒီလိုချီတက်သွားတဲ့အခါ ကျွန်မတို့ ပြည်သူပြည်သားအားလုံး၊ ပြည်ထောင်စုနိုင်ငံသူ နိုင်ငံသားများ အားလုံးဟာ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီကြလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ပြည်သူတွေအနေနဲ့ ကျွန်မတို့ အစိုးရကို သေသေချာချာ လေ့လာပါ။ ဝေဖန်သင့်တာလည်း ဝေဖန်ပါ။ ကျွန်မတို့နဲ့ ကူညီဆောင်ရွက် ပေးသင့်တာတွေလည်း ကူညီဆောင်ရွက် ပေးကြပါ” ဟု ၎င်းက ပြောကြားခဲ့သည်။