ပြည်သူသန်းပေါင်းများစွာ၏ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် ရှိနေ

မြန်မာနိုင်ငံသည် သမိုင်းကြောင်း အပြောင်းအလဲတစ်ခုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံတွင် လူတစ်ဦးချင်း အခွင့်အရေးရအောင် ဒီမိုကရေစီနိုင်ငံကို ဦးဆောင်နေသူသည် ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာဖြစ်သည်ဟု ကာဒီနယ်ချားစ်မောင်ဘိုက ပြောကြားလိုက်သည်။

“ဒါကြောင့်မို့လို့ ကျွန်တော်တို့သည် ကျွန်တော်တို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် ရှိကြပါတယ်” ဟု ရိုမန်ကတ်သလစ် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ၎င်းက အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းအားကစားပြိုင်ကွင်းတွင် ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းက ထိုသို့ပြောကြားခဲ့ချိန်တွင် တက်ရောက်လာသူများက လက်ခုတ်သြဘာတီးကာ ကြိုဆိုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီးက ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါဆုတောင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဉာဏ်ဝင်းအပါအဝင် ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် လူပုဂ္ဂိုလ် နှစ်သောင်းခန့် တက်ရောက်ခဲ့ကြသည်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲအား ဦးဖြိုးမင်းသိန်းက ဖရောင်းတိုင်မီးထွန်းကာ ဖွင့်လှစ်ပြီး ပြည်သူများကလည်း ဖရောင်းတိုင်မီးများကို တစ်ပြိုင်တည်း ထွန်းညှိခဲ့ကြပါသည်။

ထို့နောက် ဘာသာအသီးသီးမှ ခေါင်းဆောင်များက ငြိမ်းချမ်းရေး အမှာစကားပြောကြားကြကာ တက်ရောက်သူများက လက်ခုပ်သြဘာများဖြင့် ကြိုဆိုခဲ့ကြသည်။

ဆုတောင်းပွဲတက်ရောက်လာကြသူများက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကိုင်ဆောင်လာကြပြီး We Stand with Daw Aung San Suu Kyi ဟုစာတမ်းပါသော တီရှပ်အဖြူများကို ဝတ်ဆင်လာကြသည်။

“လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာနှင့် ပတ်သက်၍ နိုင်ငံတကာက မြန်မာနိုင်ငံကို စောင့်ကြည့်နေကြပါတယ်။ အဲဒီအထဲမှာ တစ်ချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကူညီခဲ့ကြသော မိတ်ဆွေတစ်ချို့ကလည်း ဒီကိစ္စနှင့် ပတ်သက်၍ စိတ်ပျက်ကြပါတယ်” ဟု ချားစ်မောင်ဘိုက ဆက်လက်ပြောကြားသည်။

ကာဒီနယ်ချားစ်မောင်ဘိုက အမှာစကား ပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ကာဒီနယ်ချားစ်မောင်ဘိုက အမှာစကား ပြောကြားနေစဉ်။ ဓာတ်ပုံ-တေဇလှိုင်

“လူတိုင်းက မြန်မာနိုင်ငံကို လက်ညှိုးထိုးနေကြတယ်။ ဘာလုပ်ရမယ်ဆိုတာကို အမိန့်ပေးနေကြတယ်။ ဆရာကြီး လုပ်နေကြတယ်” ဟု ၎င်းကပြောသည်။

“ဒီအချိန်မှာတော့ အားလုံးညီညွတ်ဖို့လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ ကိုယ်ကျင့်တရားနဲ့ ကိုယ့်ပြဿနာကို ကိုယ်တိုင် ဖြေရှင်းဖို့ အရည်အချင်းရှိကြောင်းကို ကမ္ဘာကြီးကို နားလည်စေချင်ပါတယ်” ဟု ချားစ်မောင်ဘိုကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က noble peace prize (ငြိမ်းချမ်းရေးနိုဗယ်ဆု) ကို မတောင်းဆိုခဲ့ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေကသာ ဒေါ်အောင်ဆန်းစုကြည်နောက်ကို လိုက်ကာ ဆုတွေပေးနေခဲ့ကြတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒီဆုတွေ အကုန်လုံးကို ပြန်ယူလို့ရပါတယ်… အလိုက်နဲ့တောင် ပြန်အမ်းချင်လိုက်သေးတယ်” ဟု ၎င်းကဆိုသည်။

“ဒါပေမယ့် သူတို့ မယူပစ်နိုင်တဲ့အရာတစ်ခုက တိုင်းသူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာရှိခဲ့တဲ့ ချစ်ခြင်း မေတ္တာပဲ ဖြစ်ပါတယ်။ သူ့အပေါ်မှာ အားကိုးမှုတွေကို ဘယ်သူမှ မနုတ်ယူနိုင်ပါဘူး။ သန်းပေါင်းများစွာ မျှော်လင့်ချက်က သူ့အပေါ်မှာ ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသွားသည်။

“ကမ္ဘာကြီးက ဒီအစိုးရကို နားလည်ဖို့ ကူညီဖို့ လိုအပ်ပါတယ်။ ၁၈ လအတောအတွင်းမှာ အရာအားလုံးကို ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

“ပြီးတော့ နိုင်ငံကာကိုလည်း မေ့ထားလို့လည်း မရပါဘူး။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း နားလည်ပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံသည် နိုင်ငံတကာအလည်မှာ တင့်တယ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ဖို့လိုအပ်ပါတယ်” ဟု ချားစ်မောင်ဘိုက ပြောကြားသွားသည်။

ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

မြန်မာနိုင်ငံသည် နိုင်ငံတကာမှထင်မြင်သလို မဟုတ်ကြောင်းကို ပြသရန်အတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ်မှ မူဆလင်အမျိုးသမီး ဒေါ်ခင်နွယ်သန်းက ဆိုပါသည်။

“ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေကြတဲ့ လူတွေဖြစ်ကြောင်းကို ပြသဖို့လာတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆုတောင်းပွဲသို့ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များလည်း တက်ရောက်ခဲ့သည်။

ညနေ ၅ နာရီခန့်တွင် စတင်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားသည် ည ၈ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar