ပြည်သူများ သတိရှိရှိဖြင့် တည်ငြိမ်စွာဖြတ်သန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော

လက်ရှိအခြေအနေကို သတိရှိရှိဖြင့် တည်တည်ငြိမ်ငြိမ် ဖြတ်သန်းကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုဝင်ဘာ ၉ ရက် နံနက်က ပါတီရုံးချုပ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

ကျော်ဖုန်းကျော် ရေးသားသည်။

aw20151108-3.jpg

ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်ဒီရုံးချုပ်တွင် မိန့်ခွန်းပြောကြားနေစဉ်။ (ဓာတ်ပုံ – အန်းဝမ်)

ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွှေဂုံတိုင်ရှိ ဆောက်လက်စ အဖွဲ့ချုပ်အဆောက်အဦပေါ်မှ ငါးမိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၅၀၀ ဝန်းကျင်ခန့် ရှိခဲ့သည်။

Frontier က နောက်ဆုံးရရှိထားသည့် သတင်းအချက်အလက်များအရ ကြံ့ခိုင်ရေးပါတီမှ သူရဦးရွှေမန်းသည် ၎င်း၏မွေးရပ် မဲဆန္ဒနယ်ဖြစ်သည့် ဖြူးမြို့တွင် ဒီချုပ်ပါတီကို ရှုံးနိမ့်ခဲ့ပြီး၊ ဟင်္သတတွင် ယှဉ်ပြိုင်သည့် ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌဦးဌေးဦးလည်း ရှုံးနိမ့်ခဲ့ကာ ဂန့်ဂေါမြို့နယ်မှ ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးလှဆွေတို့လည်း ရှုံးနိမ့်ခဲ့သည်ဟု ဒီချုပ်ပါတီနာယက ဦးတင်ဦးက အတည်ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ပထမဆုံး ဂုဏ်ပြုရမယ့်သူတွေက ပြည်သူတွေပါ။ သူတို့ပြီးတော့ ဂုဏ်ယူရမယ့် သူတွေကတော့ မဲအားဖြင့် မနိုင်ခဲ့ပေမယ့် ရဲရဲဝံ့ဝံ့ယှဉ်ပြိုင်ခဲ့တဲ့ ရှုံးနိမ့်သွားတဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်ပါတယ်။ သူတို့ကိုလည်း ကျွန်မ ဂုဏ်ပြုပါတယ်” ဟု ရှုံးနိမ့်သူများနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ထို့ပြင် အောင်နိုင်သူများနှင့်ပတ်သက်၍လည်း “ပြောချင်တာကတော့ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနေကြပါ။ နိုင်တဲ့သူတွေကလည်း နှိမ့်ချပြီး သဘောထားကြီးစွာ ရင်ဆိုင်မှ တကယ့်အောင်နိုင်သူစစ်စစ်ဖြစ်ပါတယ်။ ရှုံးနိမ့်သူတွေ မခံသာအောင် ပြုမူဆက်ဆံတာတွေကို ရှောင်ကျဉ်ကြပါ။ တကယ့်အောင်နိုင်မှုဟာ တစ်နိုင်ငံလုံးအတွက်ပဲ ဖြစ်ရမှာ ဖြစ်ပါတယ်” ဟု သတိပေးပြောကြားခဲ့သည်။

အချို့မြို့နယ်များ၏ မဲရလဒ်များကို အတိအကျသိရှိနေပြီဖြစ်သော်လည်း ကြိုတင်မဲပြဿနာများ၊ ဝေးလံသည့်ဒေသများနှင့် မဲဆန္ဒရှင်များပြီး မဲရုံအရေအတွက် နည်းသည့်ဒေသများက မဲများကိုမူ အတိအကျ မသိရှိနိုင်သေးဘဲ ယနေ့ညနေ ၆ နာရီခန့်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ နေပြည်တော်နှင့် ရန်ကုန်တွင် အကြိုမဲရလာဒ်များကို ကြေညာမည်ဖြစ်သည်။
 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar