ပြည်သူများ၏ မေ ျှာ်လင့်ချက်များ ပြည့်ဝစေရန် အစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်မည်ဟု ဦးထင်ကျော် ပြောကြား

ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူနေပြည်တော်၊ ဧပြီ ၁၇

ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ

ယခုနှစ်သစ်နှင့် လာမည့်နှစ်များတွင် တိုင်းပြည်နှင့် ပြည်သူများအတွက် အခွင့်အလမ်းများစွာ သယ်ဆောင်လာမည်ဟု အားလုံးက မေ ျှာ်လင့်ထားသလို အစိုးရအဖွဲ့အနေဖြင့်လည်း ကြိုးစားဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြောကြားသည်။

“အခုဆိုရင် ဒီနှစ်သစ်နဲ့ နောင်လာမယ့်နှစ်များဟာ ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်စေဖို့ အခွင့်အလမ်းများစွာ သယ်ဆောင်လာမှာဖြစ်ကြောင်း အားလုံးက ယုံကြည်စွာဖြင့် မျှော်လင့် စောင့်စားလျက် ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးထင်ကျော်က ဧပြီ ၁၇၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြောကြားသည့် နှစ်သစ်ကူး စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဒါပေမယ့် ဒီအခွင့်အလမ်းတွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အကောင်းဆုံး အကျိုးရလဒ်တွေ ပေါ်ထွက်လာစေဖို့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ မပြတ်သော သတိ၊ မလျှော့သော လုံ့လ ဝီရိယနဲ့ ကြိုးပမ်း ဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

“နှစ်သစ်ကူးကာလမှာ နိုင်ငံသားအများပြည်သူ နှစ်ထောင်းအားရရှိစေဖို့အတွက် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရတဲ့ ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေများမှာ ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ နည်းလမ်းများကို အသုံးပြု ဆောင်ရွက်ကာ သူတို့ အသီးသီးကျခံနေရတဲ့ ပြစ်ဒဏ်များ၊ စွဲဆိုထားတဲ့အမှုတွေက လွတ်မြောက်စေဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါဟာ လတ်တလော ကိစ္စရပ်များအတွက် ဖြေရှင်း ဆောင်ရွက်တာဖြစ်ပြီး ရှေ့အဖို့မှာလည်း နိုင်ငံရေးအပါအဝင် မိမိတို့ရဲ့ ယုံကြည်ချက်များအတွက် ဥပဒေစည်းမျဉ်းများနဲ့အညီ ကျင့်သုံးဆောင်ရွက်ကြသူတို့ အကျဉ်းချခံရခြင်းဘေးက ကင်းဝေးစေဖို့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထင်ကျော်က ပြောကြားသည်။

ထိုကဲ့သို့ တိုင်းပြည်အတွက် ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း အထူးလိုအပ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

“ကျွန်တော်တို့အစိုးရက တိုင်းပြည်အကျိုးအတွက် ရည်ရွယ် ချမှတ်ထားတဲ့ မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူအများစုရဲ့ လူနေမှုဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ကို ရွေးချယ်ပြီး တာဝန် အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့နေရာ ကဏ္ဍအသီးသီးက ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ ချို့ယွင်းချက်များကို ဝေဖန်ထောက်ပြခြင်း၊ လုပ်ဆောင်သင့်တာတွေကို အကြံပြု လမ်းညွှန်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ဆက်လက်တက်ကြွစွာ ဝိုင်းဝန်းပါဝင်ပေးကြဖို့ အလေးအနက် ပန်ကြားလိုပါတယ်” ဟု ဦးထင်ကျော်က ပြောကြားသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ်လုံးက တခဲနက် ထောက်ခံဆန္ဒမဲပေးခဲ့ကြသည့်အတွက်လည်း ဦးထင်ကျော်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့ပြင် စတုဒိသာ ကျွေးမွေးကြသူများကိုလည်း ကျေးဇူးတင်စကား ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင် ထမ်းဆောင်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတစ်ဖွဲ့လုံးကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်သူလူထုတွေက သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး စတုဒိသာ ကျွေးမွေးခဲ့ကြတာ၊ လုပ်အားဒါန ပြုကြတာတွေအတွက် အထူးပဲ ဝမ်းမြောက်ကျေးဇူးတင်ပြီး အသိအမှတ်ပြု ပါတယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ၎င်းကပြောကြားသည်။

အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၈၃ ဦးအား ဧပြီ ၁၇ ရက်နေ့မှ စတင်ကာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ(က)အရ ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုလိုက်သည့် အမိန့်စာကိုလည်း သမ္မတဦးထင်ကျော်က ယနေ့လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar