ပြည်သူများကို စစ်ပညာသင်ပေးရန် အင်ဒိုနီးရှားက မြန်မာကို အကြံပေး

အကြမ်းဖက်မှုအပါအဝင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တိုင်ဖြေရှင်းရေးအတွက် ပြည်သူများအား စစ်ပညာသင်ကြားပေးသည့် အစီအစဉ်ကို ဆောင်ရွက်ရန် အင်ဒိုနီးရှားက မြန်မာနိုင်ငံကို အကြံပြုခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံထုတ် ဂျာကာတာပို့စ်သတင်းစာက နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရေးသားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်နေသည့် Bela Negara (နိုင်ငံတော်ကာကွယ်ရေး) အစီအစဉ်ကဲ့သို့ ဆောင်ရွက်ရန် အင်ဒိုနီးရှားသို့ ရောက်ရှိနေသည့် မြန်မာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် တွေ့ဆုံစဉ် အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Ryamizard Ryacudu က အကြံပြုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုများ တိုက်ဖျက်ရာတွင် ပြည်သူ့အင်အားက အခြားသောလက်နက်အားလုံးထက် သာလွန်ကြောင်းနှင့် ထို့ကြောင့် အင်ဒိုနီးရှားက ထိုကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း Ryamizard က ပြောကြားခဲ့ကြောင်း သတင်းစာက ရေးသားထားသည်။

“အကြမ်းဖက်မှုတွေကို အနိုင်ရအောင် တိုက်ခိုက်ရာမှာ လက်နက်တွေက တစ်ရာခိုင်နှုန်းပဲ ပံ့ပိုးပေးနိုင်ပါတယ်။ ကျန် ၉၉ ရာခိုင်နှုန်းက ပြည်သူ့တပ်ဖွဲ့တွေ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

သို့သော် ပြည်သူများအား အခြေခံစစ်ပညာပင်ဖြစ်စေ သင်ကြားပေးခြင်းက ပြည်သူများအချင်းချင်း ပဋ္ဋိပက္ခများ ဖြစ်ပေါ်စေရန် အားပေးသလိုဖြစ်စေမည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။ သို့သော် Ryamizard ကမူ ပြည်သူများအား စစ်ပညာသင်ကြားပေးခြင်းကို ပဋ္ဋိပက္ခများ ဖြစ်ပေါ်နေသည့် ဒေသများတွင်သာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်တွင် ပြည်သူများ မိမိကိုယ်မိမိ ကာကွယ်နိုင်ရေးအတွက် လက်နက်တပ်ဆင်ပေး ဒေသန္တရ ရဲတပ်ဖွဲ့အဖြစ် ဖွဲ့စည်းရန် အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ဖူးသည်။ သို့သော် အဆိုပါ အစီအစဉ်ကြောင့် ဒေသတွင်းရှိ လူ့အသိုင်းအဝန်းနှစ်ခုကြားတွင် ပဋ္ဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်မည်ကို စိုးရိမ်နေကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar