ပြည်ပ၌ ဖွင့်လှစ်ထားသော ဘဏ်စာရင်းများအား ဗဟိုဘဏ် စတင် ကြပ်မတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ပြည်ပဘဏ်များတွင် ဖွင့်လှစ်ထားသော ဘဏ်စာရင်းများနှင့် ပတ်သက်၍ ဗဟိုဘဏ်ထံ ဒီဇင်ဘာ ၁၂ ရက်(ယနေ့) နောက်ဆုံးထားတင်ပြရန် ဗဟိုဘဏ်က ဘဏ်အသီးသီးထံ ပြီးခဲ့သော ရက်သတ္တပတ်က ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်ချက်အရ ပြည်တွင်းဘဏ်အသီးသီးတွင် ဒါရိုက်တာအနေနှင့်ဖြစ်စေ၊ အရာရှိအနေနှင့်ဖြစ်စေ၊ အကြံပေးအနေနှင့်ဖြစ်စေ ဆက်စပ်ပတ်သက်နေသူများသည် ပြည်ပတွင် ဘဏ်စာရင်းများ ဖွင့်လှစ်ထားပါက ထိုဘဏ်စာရင်းများနှင့် ပတ်သက်သော အချက်အလက်များ၊ ငွေအသွင်း၊ အထုတ်၊ လက်ကျန် စာရင်းရှင်းတမ်းများအား ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်သည်။

ထို့ပြင် ဘဏ်များတွင် တာဝန်ထမ်းဆောင်နေသူများ မဟုတ်သော်လည်း တစ်သီးပုဂ္ဂလအနေနှင့် ဖြစ်စေ၊ ကုမ္ပဏီအဖွဲ့အစည်းအနေနှင့်ဖြစ်စေ ပြည်တွင်းဘဏ်များနှင့် ဆက်စပ်၍ ပြည်ပတွင် ဘဏ်စာရင်းများ ဖွင့်လှစ်ထားလျှင်လည်း ဗဟိုဘဏ်သို့ အချက်အလက်များအား တင်ပြရမည် ဖြစ်သည်။

ဘဏ်များအနေနှင့် ထိုသို့ ၎င်းတို့နှင့်ဆက်စပ်ပြီး ပြည်ပတွင် ဘဏ်စာရင်းဖွင့်လှစ်ထားသူများကို အကြောင်းကြားရမည်ဟုလည်း ညွှန်ကြားထားသည်။

ယခုကိစ္စသည် လက်ရှိတွင် နိုင်ငံခြားငွေဈေးနှုန်းမြင့်တက်နေမှုကို ကိုင်တွယ်နိုင်ရန် အစိုးရနှင့် ဗဟိုဘဏ်တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးရေး ကူညီပေးနေသော ဂျာမနီပူးပေါင်းဆောင်ရွက်မှုအဖွဲ့ – GIZ (မြန်မာဌာနခွဲ)မှ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ဆလိုင်းအွမ်ကီးက မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံက ပို့ကုန်နည်းပြီး ပြည်ပကတင်သွင်းတဲ့ သွင်းကုန်များတဲ့အတွက် နိုင်ငံခြားငွေ လိုအပ်ချက်က မြင့်မားနေပါတယ်။ အဲဒီဟာကိုမှ ပြည်ပကို ကုန်စည်ပို့ဆောင်ပြီးရင်လဲ ရလာတဲ့ နိုင်ငံခြားငွေကို ပြည်ပမှာပဲ ဘဏ်စာရင်းဖွင့်ပြီး အပ်နှံထားတော့ ငွေကစားတဲ့ပုံစံမျိုးတွေ လုပ်လာတဲ့အခါ ပြည်တွင်းကို နိုင်ငံခြားငွေစီးဝင်လာမှု နည်းသွားပြီး ဈေးက ပိုပြီး ကမောက်ကမ ဖြစ်စေတာပေါ့။ ဒါကို စီမံကိုင်တွယ်ဖို့ ဆောင်ရွက်တယ်လို့ ထင်ပါတယ်။ နိုင်ငံခြားငွေတန်ဖိုးမြင့်ပြီး ပြည်တွင်းငွေကြေး ဖောင်းပွရင် အခြေခံ လူသုံးကုန်၊ စားကုန်တွေဈေးတက်ပြီး အောက်ခြေလူတန်းစား ဒုက္ခရောက်လို့ ဆောင်ရွက်သင့်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်တာကောင်းပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် လတ်တလောတွင် မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိမှုများ မကြာခဏဖြစ်နေသဖြင့် ယခုကဲ့သို့ ပြည်ပဘဏ်စာရင်းများကို ကြပ်မတ်မှုသည် မူးယစ်ဆေးနှင့်ဆက်စပ်သော ငွေကြေးခဝါချမှုများကို ကာကွယ်ရန်လည်း တနည်းတဖုံ ပတ်သက်နိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“အရင်တုန်းက ဆန်ရှင်(စီးပွားရေးပိတ်ဆို့မှု)တွေကလည်းရှိတော့ ပြည်ပမှာ ဘဏ်စာရင်းတွေ ဖွင့်ပြီး လုပ်တဲ့ကိစ္စကို အရင်အစိုးရတွေက သိပ်ပြီးကြပ်ကြပ်မတ်မတ် မလုပ်ခဲ့ဘူးပေါ့။ ဗဟိုဘဏ်ကလဲ မကြာသေးခင်ကမှ လွတ်လပ်တဲ့အနေအထား ရောက်တာဆိုတော့ အရင်တုန်းက အဲ့ကိစ္စတွေကို သိပ်မကိုင်တွယ်နိုင်ခဲ့ဘူး။ အခုကတော့ ဆန်ရှင်လဲ မရှိတော့ဘူး၊ ဗဟိုဘဏ်ကလဲ လွတ်လပ်တဲ့ သဘောဖြစ်လာတော့ ဒီအစိုးရနဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းပြီး သေချာဆောင်ရွက်တဲ့သဘော ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ဗဟိုဘဏ်၏ ယခု ညွှန်ကြားချက်အတိုင်းမလိုက်နာပါက ၂၀၁၂ ခုနှစ်တွင် ပြဌာန်းထားသော နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၈ နှင့် ၄၂ အရအရေးယူမည်ဟု ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားသည်။ အဆိုပါဥပဒေအရဆိုလျှင် ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

အခြားတစ်ဖက်တွင်လည်း ဗဟိုဘဏ်အပါအဝင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးဗျူရိုနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့စသည့် အာဏာပိုင်များက ထိထိမိမိကိုင်တွယ်ရန် အကန့် အသတ်များ ရှိနေဆဲဖြစ်သဖြင့် ၎င်းတို့၏ ပြည်ပဘဏ်စာရင်းများကို မတင်ပြဘဲထားရှိမည့်သူများ ကျန်ရှိနေနိုင်သေးကြောင်း ဆလိုင်းအွမ်ကီးက မှတ်ချက်ပြုသည်။

“ဖြည်းဖြည်းနဲ့မှန်မှန်တော့ ဗဟိုဘဏ်က ဒါတွေကို စီမံကိုင်တွယ်နိုင်လာပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.