ပြည်ပရှိ တရုတ်ကုမ္ပဏီများ သက်ဆိုင်ရာဥပဒေများကို လေးစားလိုက်နာကြရန် တရုတ်အစိုးရ ပြောကြား

တရုတ်ကုမ္ပဏီက ရင်းနှီးမြှတ်နှံလုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားလာပြီးနောက် တရုတ်ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရန် ပြောကြားထားသည်ဟု တရုတ်တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ သက်ဆိုင်ရာ တိုင်းပြည်တွေက ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကိုပါ လိုက်နာကြဖို့ ပြည်ပမှာ လုပ်ကိုင်နေကြတဲ့ တရုတ်လုပ်ငန်းတွေကို အမြဲပြောကြားလေ့ရှိပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာလုကန်က မေ ၉ ရက်နေ့က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“နှစ်နိုင်ငံလုံးနဲ့ ပြည်သူတွေအတွက် ပိုမို အကျိုးဖြစ်ထွန်းစေဖို့နဲ့ စီးပွားရေးနဲ့ လူမှုဘဝတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် နှစ်ဖက်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့အတူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဘေဂျင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာမြို့အနီးရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ထုတ်လုပ်မှုများအား ယခုမေလအတွင်း ပြန်လည်စတင်တော့မည်ဟု ဝမ်ပေါင်ကုမ္ပဏီက ယခုနှစ်အစောပိုင်းက ကြေညာခဲ့သည်။

ထို့ကြောင့် စီမံကိန်းအား ဆန့်ကျင်သော ဆန္ဒပြပွဲများမှာ လအတန်ကြာ ငြိမ်သက်နေခဲ့ရာမှ ပြီးခဲ့သည့် ရက်များတွင် ပြန်လည်ပြုလုပ်လာကြသည်။ အဆိုပါဆန္ဒပြပွဲများတွင် ဒေသခံရွာသူရွာသား ရာပေါင်းများစွာက စီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး တားဆီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် မြေယာသိမ်းဆည်းမှုများ၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ကန့်ကွက်ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းမှုကြောင့် ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရပြီး လုပ်ငန်းများလည်း ရပ်တန့်ထားရသည်။

၂၀၁၂ ခုနှစ်ကလည်း ဆန္ဒပြသူများ၏ သပိတ်စခန်းများကို မီးလောင်ဗုံးများဖြင့် ဖြိုခွင်းခဲ့သည့်အတွက် သံဃာတော်များအပါအဝင် ဆန္ဒပြသူများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်အတွက် ရဲတပ်ဖွဲ့အား ပြည်သူများက ပြစ်တင်ရှုံ့ချခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း သတ္တုမိုင်းတည်ဆောက်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည့်အတွက်လည်း လှုပ်ရှားတက်ကြွသူများက ဝေဖန်ခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြမှုများမှာ နှစ်ပေါင်းများစွာ ဆက်လက် ဖြစ်ပေါ်ခဲ့သလို အစိုးရက အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကာ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar