ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သုံးနှစ်မှ ငါးနှစ်အထိ ကြာနိုင်

နေပြည်တော်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအား သုံးနှစ်မှ ငါးနှစ်အတွင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပထမအကြိမ် ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အတည်ပြုခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဇန်နဝါရီ ၁၂ မှ ၁၆ ရက်အထိ နေပြည်တော်တွင် ငါးရက်ကြာ ကျင်းပခဲ့ရာ အစိုးရ ကိုယ်စားလှယ်များ အစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ တပ်မတော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်များ အစုအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အစုအဖွဲ့၊ တိုင်းရင်းသား ကိုယ်စားလှယ်အစုအဖွဲ့၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ စသည်ဖြင့် အစုအဖွဲ့ ခုနစ်ဖွဲ့မှ ကိုယ်စားလှယ် ၇၀၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ညီလာခံ ငါးရက်အတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များထဲမှ ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏ ကိစ္စရပ်များ၊ အခွန်ကောက်ယူခြင်းနှင့် ပြန်လည်ခွဲဝေခြင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသင့်သည့် မူများ ၊ သဘာဝ သယံဇာတဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်များကို ကိုယ်စားလှယ်အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည်။

ယခုညီလာခံမှ ထွက်ပေါ်လာသည့် ဆွေးနွေးချက် စုစည်းချက်များသည် အဆုံးအဖြတ် မဟုတ်ဘဲ နောင်လာမည့် အစိုးရသစ် လက်ထက်တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ညီလာခံအတွက် အခြေခံနိုင်ရန် မှတ်တမ်းအဖြစ် ထားရှိ သွားမည် ဖြစ်သည်။

မကြာမီ ပေါ်ပေါက်လာတော့မည့် အစိုးရသစ်ထံ အစိုးရတာဝန် လွှဲပြောင်းပေးသည့်အခါ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့်အတူ ညီလာခံကြီးတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးမှုများကို အခြေခံ အုတ်မြစ် အနေဖြင့် တစ်ပါတည်း လွှဲပြောင်းပေးသွားမည်ဟု ဇန်နဝါရီ ၁၆ ရက်က ကျင်းပသည့် ညီလာခံ ပိတ်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် ညီလာခံ၏ စုစည်း ဆွေးနွေးချက်များအပေါ် အခြေခံပြီး ယခုထက် ပိုမိုကောင်းမွန်သည့် သဘောတူညီချက် ရလဒ်များ ပေါ်ထွက် လာလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သင့်တင့်လျောက်ပတ်သော အချိန်ကာလတွင် ဆောလျင်စွာ ကျင်းပသွားရန်နှင့် နောင်ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာရေးတို့ကိုလည်း ယခု ပထမအကြိမ် ညီလာခံတွင် အဆိုပြုခဲ့ကြသည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ ရှစ်ဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (မူကြမ်း) – The Framework for Political Dialogue ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့ကြသည်။ အဆိုပါ မူဘောင်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် သမ္မတထံ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ အင်န်စီအေအရ ၎င်းမူဘောင်ကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူရမည်ဖြစ်ရာ ဇန်နဝါရီ ၁၂ ရက်တွင် စတင် ကျင်းပရန် သမ္မတက သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ဖွဲ့စည်းပြီးနောက် လေးလ တစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar