ပြည်ထောင်စုလွှတ်တော် ဒုနာယက မဲဆွယ်မှု ဥပဒေနှင့်အညီ ဖြစ်တယ်လို့ ကော်မရှင်ကပြောကြား

ရန်ကုန်၊ မတ် ၁

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းမြင့်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါတီအတွက် မဲဆွယ်စည်းရုံးပေးမှုမှာ ဥပဒေအား ချိုးဖောက်ခြင်းမရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လပ်မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်မည့် NLD အမတ်လောင်းများအတွက် ဦးဝင်းမြင့်က မတ် ၂ ရက်နေ့က စတင်ကာ မတ် ၄ ရက်နေ့အထိ သုံးရက်တိုင် မဲဆွယ်စည်းရုံး ဟောပြောပွဲများကို ပြုလုပ်သွားမည်ဖြစ်သည်။

“အခြေခံဥပဒေအရ ဥပဒေနဲ့အညီလို့ ပြောလို့ရပါတယ်။ အစိုးရအဖွဲ့ဝင် မဟုတ်ဘူး။ နောက်တစ်ခုက ပါတီဝင် ဖြစ်နေဆဲ၊ လွှတ်တော် ဒုနာယကလည်း ဖြစ်တယ်။ ဒါက ဥပဒေနဲ့ ငြိတာ မရှိဘူးလ့ို ပြောလို့ရပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော်အတွက် ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ လှိုင်သာယာနှင့် ကော့မှူးမြို့နယ်များ၊ ရန်ကုန်အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် အမှတ် ၆ (လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ လသာ၊ လမ်းမတော်နှင့် ဆိပ်ကမ်းမြို့နယ်) တွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ၎င်းမြို့နယ်များ အားလုံးနီးပါးတွင် ဦးဝင်းမြင့်က မဲဆွယ်စည်းရုံးပေးမည် ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှာ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် ပါတီတစ်ခုခု၏ ပါတီဝင်ဖြစ်ပါက အဆိုပါ ပါတီမှ နုတ်ထွက်ရမည်ဟု ပုဒ်မ ၆၄ တွင် ပြဌာန်းထားသည်။ သို့သော် လွှတ်တော်နာယကများအတွက်ကိုမူ ထိုသို့ သတ်မှတ် ကန့်သတ်ချက်များ ထည့်သွင်းထားခြင်း မရှိပေ။

“ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုရင်တော့ မဲဆွယ်လို့ မရဘူးလေ။ အခု ဦးဝင်းမြင့် မဲဆွယ်မယ်ဆိုတာကို မသိရပေမယ့် သူဟောပြောတာ ပြောလို့ရတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ကတော့ စောင့်ကြည့်နေမှာပါ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယုက ဆိုသည်။

ဦးဝင်းမြင့် မဲဆွယ်စည်းရုံး ဟောပြောမည့်ကိစ္စကို သက်ဆိုင်ရာမြို့နယ်များတွင် ဖွဲ့စည်းထားသည့် စေ့စပ်ညှိနှိုင်းရေး အဖွဲ့ဝင်အားလုံးနှင့် တိုင်ပင်ဆွေးနွေးကာ အားလုံး၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးနှင့် လှိုင်သာယာမြို့နယ်တို့မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများက ပြောကြားသည်။

“စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေက အားလုံး သဘောတူပြီးသားပါ။ အစည်းအဝေးကို တစ်နေ့က လုပ်တယ်။ သက်ဆိုင် ရာ ခရိုင်နဲ့မြို့နယ်တွေကို သူတို့လုပ်ထုံးလုပ်နည်းအရ ပို့ထားတယ်လို့ သိထားရတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရဲမြင့်ကပြောသည်။

ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်တိုင်းတွင် ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများ၏ ကိုယ်စားလှယ်များ ပါတီ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေး အရာရှိများဖြင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့များဖွဲ့စည်းထားကာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို ဆွေးနွေးသဘောတူညီမှုများ ရယူဆောင်ရွက်ခြင်း ဖြစ်သည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar