ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများမှာ အစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်နေခြင်းဟု တပ်ချုပ် ပြောကြား

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများမှာ တပ်မတော်နှင့် ဖြစ်ပွားခြင်းမဟုတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည်။

“ယနေ့အထိ ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇစ်မြစ်နှင့် စတင်ခဲ့သည့်အချိန်ကာလအရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား စတင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာအစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိမိတို့ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် အစိုးရ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည့် အဖွဲ့အစည်းပီသစွာ ကာကွယ်ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်ကြောင်း” ဒီဇင်ဘာ ၇ က်နေ့က ပြင်ဦးလွင်၌ ကျင်းပသည့် တပ်မတော် စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းစေလိုသည့်ပြည်သူလူထု၏ဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ ထာဝရငြိမ်းချမ်းရေး ရရှိစေရေးအတွက် စွမ်းစွမ်း တမံ ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။

တဒင်္ဂငြိမ်းချမ်းရေးမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေး ရရှိစေရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)လမ်းကြောင်းကို အခြေခံပြီး ဆောင်ရွက်ရမည် ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ရာတွင် Time Frame ရေးဆွဲထားရန် လိုအပ်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“တပ်မတော်ဆိုသည်မှာ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများ၊ တပ်မတော်အက်ဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းရသည့် နိုင်ငံတော်ကို ကိုယ်စားပြုသော ခိုင်မာသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် NCA စာချုပ်ပါအချက်များအတိုင်း လေးစားလိုက်နာ ဆောင်ရွက်သွားမည်” ဟု ၎င်းကပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအဖြစ်တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေး ရရှိရန် မဖြစ်မနေ လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို အခြေခံသည့် ငြိမ်းချမ်းရေး မူဝါဒ ခြောက်ရပ်ကိုချမှတ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar