နေပြည်တော်၊ နိုဝင်ဘာ ၁၈
ပြည်ထောင်စုနှင့် အချိုးညီ ဖွံ့ဖြိုးတိုးတက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုအစိုးရကသာ လုပ်ပိုင်ခွင့်ရှိသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က လက်ခံဆောင်ရွက်ခွင့်ရနိုင်ရန် ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့တွင် အမျိုးသား စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြည်ထောင်စု အစိုးရကိုယ်စား တင်သွင်းသည်။
ယခင်ရှိနှင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေတို့ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်၌ နိုဝင်ဘာ နောက်ဆုံးပတ်တွင် စတင်ဆွေးနွေးကြမည် ဖြစ်ရာ လက်ရှိအစိုးရ လက်ထက်မှာပင် အတည်ပြု ကျင့်သုံးနိုင်လိမ့်မည် ဟု ဒုဝန်ကြီးက Frontier ကို ပြောသည်။
သတင်း – စိုးသန်းလင်း