ပြည်တွင်းစစ်ဒဏ်သင့်ဒေသများကို ရခိုင်ကဲ့သို့ ထူထောင်ပေးရန် လွှတ်တော်၌ မေးခွန်းထုတ်

ဉာဏ်လှိုင်လင်း

လက်နက်ကိုင်ပဋိက္ခတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များရှိတဲ့ ကချင်နဲ့ ရှမ်းပြည်နယ် ကိုးကန့်ဒေသတွေကို စီမံကိန်းချမှတ်ပြီး ရခိုင်ပြည်နယ်ကဲ့သို့ ပြန်လည်ထူထောင်ပေးရန် အစီအစဉ်ရှိမရှိကို အမျိုးသားလွှတ်တော်အမတ် ဦးကျော်နီနိုင်က ယနေ့ မေးခွန်းထုတ်လိုက်ပါတယ်။

ပြည်တွင်းစစ်ဒဏ်ခံဒေသများမှ ပြည်သူတွေအတွက် ရခိုင်ပြည်နယ် လူသားချင်းစာနာမှုကူအညီ ထောက်ပံ့ရေး ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)လို ချမှတ်အကောင်အထည်ဖော်ရန်နဲ့ နေရပ်ပြန် လုပ်ကိုင် စားသောက်နိုင်ရေး မည်သို့စီမံနိုင်မည်ကို သိလိုကြောင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်အမှတ် ၁၁ ကိုယ်စားလှယ်က အမျိုးသားလွှတ်တော်ကတစ်ဆင့် မေးမြန်းလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အစိုးရရန်ပုံငွေ၊ လွှတ်တော်ခွင့်ပြုငွေ၊ ဌာနဆိုင်ရာ ဘတ်ဂျက်များ၊၊ နိုင်ငံတကာအကူအညီများ ရယူသုံးစွဲလျှက် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်ခြင်းမျိုး ရရှိပါက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ရှိ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ဒုက္ခသည်တွေအနေနဲ့ တည်ငြိမ်အေးချမ်းတဲ့ဘဝကို အလျှင်အမြန်ရရှိနိုင်မယ်လို့ ဦးကျော်နီနိုင်က ထောက်ပြသွားပါတယ်။

“ပြည်တွင်းစစ်ပွဲများကြောင့် အချိန်ကာလ နှစ်နှစ်ကျော်၊ ခြောက်နှစ်ဝန်းကျင်ကြာမြင့်စွာနေရပ်မပြန်နိုင်တဲ့ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှ ပြေးရှောင်နေရသော ဒုက္ခသည်များအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်စေလိုကြောင်း တင်ပြလိုပါတယ်” လို့ သူက အမျိုးသားလွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုများ၊ ပြန်လည် နေရာချထားရန် ဆောင်ရွက်မှုများ၊ နယ်မြေအေးချမ်း တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို နယ်စပ်ရေးရာအပါအဝင် အခြားသော ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတို့နဲ့ ပူးပေါင်းကာ စီမံကိန်း အသွင်အကောင်အထည် ဖော်နေပါတယ်လို့ ပြန်လည် ဖြေကြားသွားပါတယ်။

ဒါ့အပြင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးတို့အတွက် လျှပ်စစ်၊ ဂဟေဆက်၊ စက်ပြင်၊ စက်ချုပ်ကဲ့သို့သော အိမ်တွင်းမှုနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းတွေကို ဖွင့်လှစ် ဆောင်ရွက်ပေးနေတယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကိုလည်း ပြုလုပ်နေပြီး လက်ရှိဆောင်ရွက်မှုများကို UEHRD ကဲ့သို့ အထူးစီမံကိန်းတစ်ရပ်အဖြစ် စနစ်တကျ စုစည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ဝန်ကြီးက ကတိပြု ပြောကြားသွားခဲ့ပါတယ်

လွှတ်တော်အစည်းအဝေးအပြီးမှာ ပြည်ထောင်စုဝန်ကြီးကို Frontierက အသေးစိတ် ထပ်မံ မေးမြန်းကြည့်ရမှာတော့ “လုပ်နိုင်တဲ့ အင်အားဖြစ်လာတာက ကျွန်တော်တို့ဝန်ကြီးဌာနမှာ ပြန်လည် ထူထောင်ရေး ဦးစီးဌာနအသစ်တစ်ခု ဖွင့်လိုက်တယ်။ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးက စပ်ဆက်နေတဲ့အတွက် အဲဒီဌာနက ဦးဆောင်ပြီး ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ဖြေကြားသွားပါတယ်။

တိုက်ပွဲများကြောင့် ကချင်ပြည်နယ် မန်စီမြို့နယ် ဂျေဆောင်းရွာမှ ထွက်ပြေးနေရပြီး အစိုးရထိန်းချုပ်နယ်မြေ မိုင်းခေါင်ရှိ ဒုက္ခသည်စခန်းမှာ နေထိုင်နေရသူ ဦးရိန်နူးကတော့ အစိုးရထောက်ပံ့မှုဟာ လက်ရှိအချိန်အထိ အားမကောင်းသေးဘူးလို့ Frontier ကိုပြောပါတယ်။

“ကျန်းမာရေးဆိုလည်း အစိုးရဌာနက လာလုပ်ပေးပေမယ့် သိပ်တော့မဟုတ်ဘူး။ ပညာရေးကတော့ မူလတန်းကျောင်းပဲရှိတယ်လေ။ အလယ်တန်း၊ အထက်တန်းသင်ကြားဖို့အတွက် အခက်အခဲရှိတယ်။ ဆန်အိတ်တွေ ဘာတွေ ပေးတယ်ဆိုတာကလည်း သိပ်တော့မဟုတ်ဘူး” လို့ သူကပြောပါတယ်။

အဲဒီစခန်းမှာ လူဦးရေ ၁,၆၀၀ ခန့်နေထိုင်ပြီး စုစုပေါင်း၏ တစ်ဝက်ကျော်က ကလေးငယ်များဖြစ်တယ်လို့ ဦးရိန်နူးထံက သိရပါတယ်။ နေရပ်ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် သူ့ရဲ့ သဘောထားကို မေးမြန်းကြည့်ရာမှာတော့ “နေရပ်ပြန်ဖို့ကတော့ စဉ်းစားလို့ မရသေးဘူး။ ဒီနေ့တောင်မှ ကျွန်တော်တို့နေတဲ့ ဂျေဆောင်းနဲ့ ငါးမိုင်လောက်အကွာမှာ တိုက်ပွဲဖြစ်နေတယ်ကြားတယ်” လို့ ဦးရိန်နူးက သုံးသပ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေက နယ်မြေတည်ငြိမ်အေးချမ်းမှုပေါ်မှာ မူတည်နေတဲ့အတွက် လတ်တလော ဖော်ဆောင်ရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောကြားထားပါတယ်။

ပြည်တွင်းပြန်လည်နေရာချထားပေးမှု စောင့်ကြည့်ရေးစင်တာ (IDMC)ရဲ့ စာရင်းတွေအရ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူတစ်သိန်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar