ပြည်ခိုင်ဖြိုးက သိမ်းထားသည့်မြေကွက်အား ပြန်ပေးရန် ညွှန်ကြားသော်လည်း မလိုက်နာသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကတည်းက သိမ်းဆည်းထားခဲ့သည့် မြေကွက်အား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာက ညွှန်ကြားထားသော်လည်း အသင်းကို ဆက်ခံခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက လိုက်နာမှုမရှိသေးဟု မူလမြေပိုင်ရှင်ဟုဆိုသူက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့ရှိ အငြင်းပွားမြေကွက်မှာ ၀ ဒသမ ၆၈ ဧက ကျယ်ဝန်းပြီး ၁၉၉၆ ခုနှစ်တွင် ပြည်ခိုင်ဖြိုးက သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစဉ်က ပြည်ခိုင်ဖြိုးသည် အသင်းအဖွဲ့ဖြစ်ပြီး အသင်းအတွက် အသုံးပြုရန်ဟုဆိုကာ ၎င်းထံမှ သိမ်းယူသွားခဲ့ခြင်းဖြစ်သည်ဟု မူလမြေပိုင်ရှင်ဆိုသူ အငြိမ်းစားမူလတန်းပြဆရာမ ဒေါ်သန်းမြင့်က ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ထိုစဉ်က မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်ဖြစ်သည်။ ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် မှတ်ပုံတင်ခဲ့သည်။

အသင်းက သိမ်းဆည်းထားခဲ့သည့်မြေကွက်အား မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်ရန်၊ သို့မဟုတ် ထိုက်သင့်သော လျော်ကြေးပေးရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ပြည်ခိုင်ဖြိုးပါတီကို ညွှန်ကြားထားသော်လည်း မလိုက်နာသေးဟု ဒေါ်သန်းမြင့်က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြောကြားသည်။

“ဆရာမလည်း အသက်ကြီးနေပါပြီ။ ဒါကြောင့် မသေခင် လုပ်ကိုင်စားသောက်ရအောင် ဒီမြေကွက်လေးကို အမြန်ဆုံး ပြန်လိုချင်ပါတယ်”ဟု အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် ဒေါ်သန်းမြင့်က ပြောသည်။

ပြည်ခိုင်ဖြိုးက မသိမ်းဆည်းမီက ထိုမြေကွက်ပေါ်တွင် ပဲ၊ နှမ်းစသည်တို့ စိုက်ပျိုးလုပ်ကိုင်စားသောက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“သိမ်းပြီးနောက်မှာ သူတို့ဘာမှ လုပ်တာမတွေ့ပါဘူး။ အရင်အစိုးရတွေခေတ်က ကြောက်လို့ မပြောရဲခဲ့ဘူး။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်တက်ပြီး ၂၀၁၂ ခုနှစ်ကတည်းက စာတွေ အတန်တန်တင်တယ်။ သူတို့က ပိုင်ဆိုင်ကြောင်း ကြေညာတိုင်း ကန့်ကွက်ခဲ့တယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြေကွက်မှာ ပြည်ခိုင်ဖြိုးအမည်ဖြင့် ဂရန်အမည်ပေါက်နေပြီဖြစ်သော်လည်း စိစစ်မှုခံယူချိန်တွင် ၎င်းဘက်မှ အထောက်အထားများ ခိုင်မာစွာ ပြသနိုင်ခဲ့သည်ဟုလည်း ဒေါ်သန်းမြင့်ကဆိုသည်။

မြန်မာနိုင်ငံအဝှမ်းတွင် ဖြစ်ပွားခဲ့သည့် မြေသိမ်းမှုများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ရန် ပြီးခဲ့သော အစိုးရလက်ထက်ကတည်းက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီကို ဒုသမ္မတ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ကာ ယင်းကော်မတီအောက်တွင် ပြည်နယ်နှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကော်မတီများ ဆက်လက်ဖွဲ့စည်းပြီး မြေသိမ်းမှုများအား စစ်ဆေးခဲ့သည်။

ယခုအမှုကိုလည်း မလှိုင်မြို့နယ်ကော်မတီက ကိုင်တွယ်စိစစ်ခဲ့ရာ မြေကွက်သည် ဒေါ်သန်းမြင့်ပိုင်ဆိုင်ကြောင်း ပေါ်ပေါက်သဖြင့် ထိုမြေအား မူလပိုင်ရှင်အားပြန်ပေးရန်၊ သို့မဟုတ် ထိုက်သင့်သော လျော်ကြေးပေးရန် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ညွှန်ကြားစာ ထုတ်ခဲ့သည်။

သို့သော် မြေမှာ မူလပိုင်ရှင်လက်ထဲသို့ ယနေ့တိုင်မရသေးသည့်အပြင် အဆောက်အဦများ ဆောက်လုပ်ခြင်း၊ သီးနှံစိုက်ခြင်းများကိုပါ လုပ်ဆောင်လာသဖြင့် ကာယကံရှင်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်တန်းခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက စာထုတ် တားမြစ်ခဲ့ရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးထံ Frontier က ဆက်သွယ်မေးမြန်းရာ လာမည့် ရက်သတ္တပတ်တွင် နှစ်ဦးနှစ်ဖက် ခေါ်ယူညှိနှိုင်းသွားရန် စီစဉ်ထားကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း လိုက်နာမည်ဟု အကြောင်းပြန်ထားကြောင်း ၎င်းက ဖြေကြားသည်။ သို့သော် ယခုကိစ္စသည် အောက်ခြေအဆင့်တွင် ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် သတင်းမီဒီယာတွင် မရေးသားစေချင်ကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ မလှိုင်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးသိန်း၏ လက်ကိုင်ဖုန်းအား ဆက်သွယ်မေးမြန်းခဲ့သလို၊ ယခင်လွှတ်တော်သက်တမ်းတွင် မလှိုင်မြို့နယ်၏ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအေးမောက်အား Frontier က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

ဒေါ်သန်းမြင့်အား ကူညီဆောင်ရွက်ပေးနေသည့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုသက်နိုင်ဝင်းကမူ “အခြေအနေက သာမန်ပြည်သူတွေအပေါ်မှာတော့ အာဏာသက်ရောက်ပြီးတော့၊ မြေသိမ်းမှုစိစစ်ရေးကော်မတီကော၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကကော ပြည်ခိုင်ဖြိုးပါတီအပေါ် အာဏာမသက်ရောက်ဖူးလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”ဟု မှတ်ချက်ပေးသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar