ပြည့်ဝသည့် ဒီမိုကရေစီမရရှိသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

လန်ဒန်၊ မေ ၁၀

မြန်မာနိုင်ငံတွင် ရရှိထားသည့် ဒီမိုကရေစီမှာ ပြည့်ဝသည့် ဒီမိုကရေစီမဟုတ်သေးပဲ တစ်လှမ်းချင်း လှမ်းနေဆဲဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်တွင် မေ ၉ ရက်နေ့က ပြောကြားလိုက်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ တရားဝင်ခရီး ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့နိုင်ငံတွင် ဒီမိုကရေစီလမ်းစဉ်ကို စတင်လျှောက်လှမ်းစဖြစ်ပါကြောင်း၊ ပြည့်ဝသည့်ဒီမိုကရေစီ မဟုတ်သေးသော်လည်း တစ်လှမ်းချင်းလှမ်းနေပါကြောင်း၊ လုံးဝပြည့်ဝသည့် ဒီမိုကရေစီဖြစ်အောင် နိုင်ငံသူ၊ နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါကြောင်း” ဟု ၎င်းကပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ အစိုးရတစ်ခု၊ အဖွဲ့ အစည်းတစ်ခုတည်း ဆောင်ရွက်၍ မရပါကြောင်း၊ ပြည်သူတစ်ရပ်လုံး ပါဝင်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီးအေးချမ်းအောင်၊ သာယာအောင်၊ တိုးတက်အောင် ကြိုးစားသွားမည်ဖြစ်ပါကြောင်း” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးမှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ၁၅ မိနစ်ခန့်ကြာမြင့်သည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးမရှိဘဲ စစ်မှန်သည့် တိုးတက်မှု ရေရှည်တွင် မရနိုင်ပါကြောင်း” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အစိုးရသစ်အနေဖြင့် ပြည်သူအပေါ်တွင် မေတ္တာထားပြီး နိုင်ငံအပေါ်တွင် သစ္စာစောင့်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar