ပြင်ဦးလွင်နှင့် နောင်ချိုတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ၁၄ ဦးထက်မနည်း သေဆုံးနိုင်ဟု ဒေသခံပြော

ကျော်လင်းထွန်း

ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်တို့တွင် ယနေ့နံနက် ၅ နာရီခွဲခန့်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နှင့် အရပ်သား သေဆုံးသူစုစုပေါင်း ၁၄ ဦးထက်မနည်းရှိနိုင်သည်ဟု နောင်ချိုဒေသခံများ၏ ပြောကြားချက်အရသိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင်မူ တပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

“စုစုပေါင်း ကျွန်တော်တို့တွေ့ခဲ့တာတော့ တပ်မတော်သားက ခုနစ်ယောက်၊ ဂုတ်တွင်းရဲကင်းမှာက ရဲတပ်သား ငါးယောက်၊ ပြီးတော့ အရပ်သားနှစ်ယောက်ပါ” ဟု နောင်ချိုမြို့နယ်ရှိ နိုင်ငံရေးပါတီတစ်ခုမှ အမည်မဖော်လိုသူ ပါတီဝင်အမှုဆောင်တစ်ဦးက ပြောကြားသည်။

အဆိုပါထုတ်ပြန်ချက်အရ ဖြစ်စဉ်မှာ AA ၊ MNDAA နှင့် TNLA သုံးဖွဲ့ပေါင်းထားသည့် တပ်ဖွဲ့များသည် တပ်မတော်နည်းပညာတက္ကသိုလ်ကို ပြင်ဦးလွင်-လားရှိုးကားလမ်း အရှေ့ဘက်ခြမ်းမှ ရှော့တိုက် ဒုံးသီးများဖြင့်လည်းကောင်း၊ အေးရှားဝေါလ်တိုးဂိတ်နှင့် ယင်းဂိတ်ရှိ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တို့ကို အာရ်ပီဂျီဒုံးဖြင့်လည်းကောင်း၊ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲဘက်အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်ကို လက်နက်ကြီးငယ်တို့ဖြင့်လည်းကောင်း နံနက် ၅ နာရီခွဲခန့်က တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှာ အာပီဂျီများဖြင့် အကြိမ်ရေ သုံးဆယ်ကျော်ပစ်ခတ်ခဲ့ပြီး နောင်ချိုမြို့ထဲမှာပင် မပေါက်ကွဲဘဲကျန်ရှိသည့် အာပီဂျီ ဒုံးထိပ်ဖူးနှစ်လုံးရှိနေကာ တပ်မတော်ဘက်မှ လာရောက်ရှင်းလင်းမည့်အချိန်ကို စောင့်ဆိုင်းလျက် ပြည်သူများအနားသို့မသွားရန် စောင့်ကြည့်ပေးနေရကြောင်းလည်း နောင်ချိုမြို့ခံ အမည်မဖော်လိုသည့် ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။

“ပြင်ဦးလွင်ဘက်အထွက် ကျောက်ကြမ်းရွာဘက်မှာဆိုရင် ညနေ သုံးနာရီခွဲလောက်အထိ ပစ်ခတ်သံတွေ ကြားနေရပါသေးတယ်။ ဒီတစ်ခေါက်က (တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ) မည်းမည်းမြင်ရာ တွန်းပစ်သွားတာပါ၊ ကုန်တင်ကုန်ချ အလုပ်သမားတစ်ယောက်ကို မီးရှို့သတ်ခဲ့တယ်၊ တွဲကားဆရာ တစ်ယောက်ကိုလည်း ပစ်သတ်သွားပါတယ်။ ဒါတွေကတော့ ဘယ်လိုမှမဖြစ်သင့်တဲ့အရာလို့ ကျွန်တော်နားလည်ပါတယ်” ဟု အဆိုပါ မြို့နယ်ပါတီအလုပ်အမှုဆောင်တစ်ဦးက Frontier ကို ပြောသည်။

တပ်မတော်နည်းပညာတက္ကသိုလ်၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ဘတ္ထရီအိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ခြောက်လုံး၊ ရှော့တိုက်ဒုံးများပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့်နေရာများနှင့် ဘတ္ထရီအိုး တစ်လုံးတို့ကို တွေ့ရှိရကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင်ပါရှိသည်။

တပ်မတော်ဘက်ကမူ ယခုဖြစ်စဉ်မှာ ဇူလိုင်နှင့် သြဂုတ်လများအတွင်း ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးရိုက်စက်များကို တပ်မတော်က သိမ်းဆည်းရရှိခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်၌ AA လက်နက်ကိုင်အဖွဲ့ ထိခိုက်ကျဆုံးမှုများပြားကာ စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် AA ၊ TNLA နှင့် MNDAA တို့ သုံးဖွဲ့ပေါင်းလျက် တရားဥပဒေစိုးမိုးမှုကို ထိပါးနှောက်ယှက်ကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။

တပ်မတော်က ဇူလိုင် ၁ ရက်မှ သြဂုတ်လကုန်အထိ နှစ်လတာအတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားရန် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်စဉ်မဖြစ်ပေါ်မီ တစ်ရက်အလို သြဂုတ် ၁၄ ရက်ကပင် တပ်မတော်ဘက်က ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားချိန်အတွင်း ငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်း ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းရန် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် TNLA ၏ ပြောကြားချက်အရမူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် AA ၊ TNLA နှင့် MNDAA တို့ ယခုလ ၁၂ ရက်ပါ ထုတ်ပြန်ချက်အတွင်းမှ သဘောထားအတိုင်း တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

“ကျွန်တော်တို့ရဲ့သဘောထားက ၁၂ ရက်က ထုတ်ပြန်ထားတဲ့အတိုင်းပဲ၊ သူတို့ (မြန်မာ့တပ်မတော်)က နယ်မြေရှင်းလင်းရေးလို့ပြောပြီးတော့ လုပ်ဆောင်တာတွေကို ကျွန်တော်တို့ လက်ခံလို့မရဘူး။ ထပ်ပြီးထိုးစစ်ဆင်တာတွေ ဖြစ်လာမလားဆိုတာ သူတို့သဘောထားပေါ်ပဲ မူတည်တယ်” ဟု TNLA မှ ဗိုလ်မှူး မိုင်းအိုက်ကျော်က Frontier ကိုပြောကြားသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.