ပျက်ကျသွားသည့် တပ်မတော်လေယာဉ်၏ အစိတ်အပိုင်းများကို စတင်တွေ့ရှိ

ရန်ကုန်၊ ဇွန် ၁၆

ပြီးခဲ့သည့် ရက်သတ္တပတ်က ထားဝယ်မြို့အနီး ပင်လယ်ပြင်ပေါ်တွင် ပျောက်ဆုံးသွားခဲ့သည့် တပ်မတော် ကုန်တင်လေယာဉ်၏ အစိတ်အပိုင်းအချို့ကို စတင်တွေ့ရှိပြီဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယမန်နေ့ညနေပိုင်းတွင် ထုတ်ပြန်ချက်အရ လေယာဉ်ပျက်၏ အစိတ်အပိုင်းအား ဒေသခံငါးဖမ်းစက်လှေတစ်စင်းက စတင်သတိပြုမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပင်လယ်ပြင်တွင် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ရေအောက်တွင် ပိုက်၌ တစ်စုံတစ်ခုဖြင့် ငြိနေသည့်အတွက် တပ်မတော်ထံ သတင်းပေးပို့ခဲ့ရာ ၎င်းနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်ရေယာဉ်နှစ်စင်းက ရေအောက်ရှာဖွေရေးဆိုနာကိရိယာဖြင့် ထပ်မံအတည်ပြုခဲ့သည်။ ထို့နောက် ရေငုပ်စစ်သည်များက ရေငုပ်စစ်ဆေးခဲ့ရာ ရေအောက်အနက် ၃၅ မိတာခန့်တွင် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအစိတ်အပိုင်းမှာ Y8 လေယာဉ်၏ လေယာဉ်အမှတ် ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းဖြစ်သည်ဟု ဖော်ပြထားသည်။

လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး ရာသီဥတုအခြေအနေအရ ထိုအချိန်က ဖြစ်စဉ်နေရာတစ်ဝိုက်တွင် လွန်စွာကြီးမားသည့် တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန် ၁၁ ရက်နေ့က ပြောကြားခဲ့သော်လည်း ပျက်ကျရသည့် အကြောင်းရင်းကို တပ်မတော်က ဆက်လက်စုံစမ်း စစ်ဆေးနေဆဲဖြစ်သည်။

လေယာဉ်ပျောက်ဆုံးချိန်က စတင်ကာ ယမန်နေ့ညနေပိုင်းအထိ ရုပ်အလောင်း ၉၀ ကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်သည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၁၂၂ ဦးလိုက်ပါသွားသည်ဟု မူလက ထုတ်ပြန်ထားသော်လည်း အသေးစိတ်ထပ်မံစစ်ဆေးချက်များအရ ၁၂၄ ဦးဖြစ်နေသည်ဟု တပ်မတော်ပိုင် မြဝတီသတင်းစာတွင် ယနေ့ရေးသားထားသည်။

ပိုနေသည့်နှစ်ဦးမှာ ကလေးငယ်များဖြစ်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ အသက်နှစ်နှစ်ခွဲနှင့် အသက်သုံးနှစ်အရွယ်ကလေးငယ်နှစ်ဦးမှာ ၎င်းတို့၏ မိခင်များနှင့်အတူ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းတွင် ရေးသားထားသည်။

ထို့ကြောင့် အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၁၄ ဦးနှင့် ခရီးသည် ၁၁၀ ဦး လိုက်ပါသွားခြင်းဖြစ်သည်။ လေယာဉ်ပေါ်ပါရှိသွားသည့် ခရီးသည်များ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြသည်။

တရုတ်နိုင်ငံထုတ် Shaanxi Y8 တပ်မတော် ကုန်တင်လေယာဉ်သည် ဇွန် ၇ ရက်နေ့တွင် မြိတ်မြို့လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

ယခုပျက်ကျခဲ့သည့် လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီသာ ပျံသန်း အသုံးပြုရသေးသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar