အမေရိကန် အမြန်ဝန်ဆောင်မှု စားသောက်ဆိုင်ဖြစ်သည့် KFC က ပဲခူးမြို့တွင် ၎င်း၏ ပထမဆုံး ဆိုင်ခွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့က ဖွင့်လှစ်လိုက်သည်။ အဆိုပါဆိုင်ခွဲသည် ရန်ကုန်မြို့ပြင်ပတွင် ဖွင့်လှစ်သည့် ငါးဆိုင်မြောက်ဆိုင်ဖြစ်သလို မြန်မာနိုင်ငံ၏ ၁၉ ဆိုင်မြောက် ဆိုင်ခွဲလည်းဖြစ်သည်။
“လူဦးရေ ၄ သန်းကျော်နေထိုင်တဲ့ ဒီပဲခူးတိုင်းဒေသကြီးရဲ့ မြို့ကြီးဖြစ်တဲ့ ပဲခူးမြို့မှာ ကျွန်တော်တို့ ဆိုင်ခွဲကို ဖွင့်ရတာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားစရာကောင်းပါတယ်” ဟု KFC Myanmar ၏ မန်နေဂျင်း ဒါရိုက်တာ Mr. JR Ching က ပြောကြားသည်။
ပဲခူး KFC Junior ဆိုင်ခွဲကို ပဲခူးမြို့၏ အချက်အချာကျသောနေရာဖြစ်သည့် မင်းလမ်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
“KFC Junior ဆိုင်ခွဲ တွေဟာ အသုံးစရိတ်တွေကိုချွေတာပြီး ပိုမိုသေးငယ်တဲ့ ဈေးကွက်တွေကို ထိုးဖောက်ဖို့ ရည်ရွယ်ထားလို့ ဒါဟာ ကျွန်တော်တို့ရဲ့ အခွင့်အရေးကောင်းတစ်ခုပါပဲ။ ကုန်ပစ္စည်း အရည်အသွေး နဲ့ မီနူးတွေကတော့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတိုင်းပဲ ရှိနေမှာပါ။ ဒါ့အပြင် KFC ကြက်ကြော်ကို လူတိုင်း စားနိုင်လာအောင် ၁၈၀၀ ကျပ်က စတင်သည့် မီနူးအပြင် နောက်ထပ်ရွေးချယ်စရာ မီနူးတွေကိုပါ ဖန်တီးထားပါတယ်။ လာမယ့်နှစ်တွေမှာလည်း မြန်မာနိုင်ငံတစ်ဝန်း နောက်ထပ် KFC Junior ဆိုင်ခွဲတွေ နေရာ ဒေသပေါ်မူတည်ပြီး ထပ်ဖွင့်ဖို့ ကျွန်တော်တို့စီစဉ်ထားပါတယ်” ဟု Mr. JR Ching က ပြောကြားသည်။
လက်ရှိတွင် KFC ဆိုင်များကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပဲခူးအပြင် အမြန်လမ်း ၇၆ မိုင်တွင်လည်း ဖွင့်လှစ်ထားသည်။