ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လက်မှတ်စုဆောင်းပွဲကို အာဏာပိုင်များ ပိတ်ပင်

ရန်ကုန်၊ ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်ရှေ့ ၌ ဇွန်လ ၂၃ ရက်နေ့တွင် သတင်းသမားများက ပြုလုပ်ရန် စီစဉ်ထားသည့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လက်မှတ်စုဆောင်းပွဲကို လုံခြုံရေးအကြောင်းပြချက်ဖြင့် အာဏာပိုင်များက ပိတ်ပင်လိုက်သည်။

The Voice သတင်းမီဒီယာက ဖော်ပြခဲ့သော “ကျည်ထောင်စုသစ္စာ” ဟူသည့် ဆောင်းပါးနှင့်ပတ်သက်ပြီး အယ်ဒီတာချုပ်နှင့် ဆောင်းပါးရေးသူကို ရန်ကုန်တိုင်းဒေသကြီးစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို အမှုဖွင့်ခဲ့သည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် သတင်းသမားများက အဆိုပါလှုပ်ရှားမှုကို ပြုလုပ်ရန် စတင်ကြိုးစားခဲ့ခြင်းဖြစ်သည်။

မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ(PCMJ) ၏ ဦးဆောင်မှုဖြင့် သတင်းသမားများက ဇွန် ၂၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ စစ်ဌာနချုပ်ရှေ့၊ ရှစ်မိုင်ခုံးကျော်တံတားအောက်တွင် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လက်မှတ်စုဆောင်းပွဲ ကျင်းပရန် မရမ်းကုန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးထံ ဇွန်လ ၂၁ ရက်နေ့က အသိပေးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး နာရီပိုင်းအကြာတွင် အနောက်ပိုင်းခရိုင်၊ ခရိုင်မှူး ဒုတိယရဲမှူးကြီး ဦးသိန်းလွင်က “ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှေ့တွင် ကားအဝင်အထွက်များသည်”ဆိုသည့် အကြောင်းပြချက်ဖြင့် နေရာရွှေ့ ပြောင်းရန် ခေါ်ယူအကြောင်းကြားခဲ့ကြောင်း မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

နှစ်ဘက်အကြား ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် မလှမ်းမကမ်းရှိ ပြည်လမ်း ရှစ်မိုင်ဂုံးတံတားအောက် ရွှေဘဲစားသောက်ဆိုင်ရှေ့တွင် စုဝေးပြီး လက်မှတ် စုဆောင်းပွဲကို ကျင်းပရန် သတင်းသမားများက ထပ်မံအကြောင်းကြားခဲ့ကြသည်။

သတင်းထောက်များဘက်က တောင်းဆိုထားသည့် ၎င်းနှစ်နေရာစလုံးတွင် လက်မှတ်စုဆောင်းပွဲကို ကျင်းပခွင့်မပြုနိုင်ကြောင်း ဇွန် ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက ခေါ်ယူ အကြောင်းကြားခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်များက ပြောသည်။

“သူတို့(ရဲတွေ)ကတော့ နေရာပြောင်းလျှောက်ကြည့်၊ ထပ်ပြီးစာတင်လို့တော့ ပြောတယ်”ဟု မရမ်းကုန်း မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဆွေးနွေးမှုတွင်ပါဝင်ခဲ့သည့် မစန္ဒာမော်က ပြောသည်။

ရဲတပ်ဖွဲ့၏ အကြောင်းပြချက်တွင် အဆိုပါနေရာများသည် နိုင်ငံတော်လုံခြုံရေးအရ ကန့်သတ်ဧရိယာ ဖြစ်ခြင်း၊ အများပြည်သူ ခရီးသွားလာမှုအတွက် အဓိကလမ်းကြောင်းဖြစ်ခြင်း၊ ယာဉ်သွားလာမှု ရှုပ်ထွေးခြင်း၊ ပြည်သူလူထု လုံခြုံရေးထိခိုက်နိုင်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ခွင့်မပြုဟု ရေးသားထားသည်။

“ကျွန်တော်တို့က လက်မှတ်စုဆောင်းတဲ့ပွဲမျိုးလုပ်တာ။ ဆန္ဒပြတာမဟုတ်ဘူး” ဟု ကော်မတီအဖွဲ့ဝင် ကိုမိုးမြင့်က ပြောသည်။

လက်မှတ်အရေအတွက် သိန်းဂဏန်းအထိ ရလာမည်ဟု မျှော်လင့်ထားပြီး ထိုသို့လက်မှတ်ရေးထိုး တောင်းဆိုမှုကို သမ္မတရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတို့သို့ ပေးပို့သွားမည်ဟု ၎င်းကပြောသည်။

ဥပဒေကို ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်၊ ဇွန် ၁၆ ရက်နေ့အထိ တရားရုံးတင်ပြီး တရားစွဲဆိုမှု အနည်းဆုံး ၇ဝ အထိရှိသွားပြီဖြစ်သည်။ ယခင်အစိုးရသက်တမ်းကုန်ဆုံးသည့် ၂၀၁၆ ခုနှစ်၊ မတ်လကုန်အထိ ထိုပုဒ်မဖြင့် တရားစွဲဆိုမှု ခုနစ်မှုသာရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် တရားစွဲဆိုမှု အလွန်များပြားလာခြင်းဖြစ်သည်။

အဆိုပါပုဒ်မဖြင့် တရားစွဲဆိုမှု ၇၀ အနက် သတင်းမီဒီယာသမားများကို တရားစွဲဆိုမှုမှာ ၁၀ မှုကျော်အထိ ရှိလာသည်။

အဆိုပါ ပုဒ်မကို ပြင်ဆင်ပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများက အစဉ်တစိုက် တောင်းဆိုနေကြပြီး ထိုပုဒ်မဖြင့် တရားစွဲဆိုမှုကို အာမခံပေးနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ထားသည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က မေ ၄ နေ့ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မီဒီယာသမားများကို ပြောကြားခဲ့ဖူးသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar