ရဲမွန်
ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုဒေသဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ညောင်ဦးလေဆိပ်ကို ဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် နိုင်ငံတကာခရီးစဉ် ပျံသန်းသည့်လေယာဉ်များ ဝင်ရောက်ထွက်ခွာနိုင်သည့် အကောက်ခွန်လေဆိပ်အဖြစ် သမ္မတ က ဒီဇင်ဘာ ၁၁ ရက်တွင် သတ်မှတ်လိုက်သည်။
လေကြောင်းခရီး သွားလာမှုလိုအပ်ချက်၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးလိုအပ်ချက်နှင့် အခြေခံအဆောက်အအုံနှင့် အထောက်အကူပစ္စည်းပြည့်စုံမှုတို့အပေါ်မူတည်၍ နိုင်ငံတကာခရီးစဉ် ပုံမှန်ပျံသန်းသော လေယာဉ်များကိုဖြစ်စေ၊ ပုံမှန်ပျံသန်းခြင်းမပြုသော လေယာဉ်များကိုဖြစ်စေ နှစ်မျိုးစလုံးကိုဖြစ်စေ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်၍ ဝင်ရောက်ထွက်ခွာခွင့်ပြုနိုင်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။
အဆိုပါလေဆိပ်ကို ကမ္ဘောဒီးယားမှ Tour Group များဖြင့်လာရောက်မည့် စင်းလုံးငှားလေယာဉ်( Charter Flight) များကိုသာ ဦးစားပေးမည်ဟုလည်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံမှ ပုဂံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ အန်ကောဝပ်တို့ကို ညီအစ်မမြို့တော်အဖြစ် နှစ်နိုင်ငံအစိုးရများက ၂၀၁၇ ခုနှစ်က သတ်မှတ်ထားသည်။
“လေဆိပ်အနေအထားကိုအဆင့်မြှင့်ရဦးမယ်။ အဲ့ဒါကြောင့် Charter Flightတွေကိုပဲ ဦးစားပေးရခြင်း ဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ ကမ္ဘောဒီးယားကို အရင်ဦးစားပေးတာပေါ့” ဟု အဆိုပါအရာရှိက ပြောသည်။
နိုင်ငံတကာလေယာဉ်အားလုံး ဆင်းသက်ရန်ကိုမူ လေဆိပ်၏အခြေအနေကြောင့် လတ်တလောတွင် မဖြစ်နိုင်သေးဘဲ အချိန်ယူရဦးမည်ဟုလည်း သိရသည်။