ပုဂံအား ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် သင့်၊ မသင့် အစီရင်ခံစာရေးမည့် ပညာရှင် ရောက်ရှိ

ရဲမွန်

ရှေးဟောင်း စေတီပုထိုးတွေ တည်ရှိရာနယ်မြေဖြစ်တဲ့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် မြန်မာအစိုးရရဲ့ ပြင်ဆင်ဆောင်ရွက်ချက်တွေကို စိစစ်အကဲဖြတ် အစီရင်ခံစာရေးသားမယ့် အပြည်ပြည်ဆိုင်ရာ အမွေအနှစ် အဆောက်အအုံများနှင့် ဒေသများထိန်းသိမ်းရေးကောင်စီက သြစတြေးလျနိုင်ငံသား ပညာရှင်ဟာ ပုဂံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အဲဒီ ပညာရှင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံ)ထံ အတည်ပြုချက်ရယူရာမှာ ပုဂံအတွက် စိစစ်အကဲဖြတ်ပေးမယ့် ပညာရှင်မရောက်သေးကြောင်းသာ ဖြေကြားခဲ့ပေမယ့် Frontier ရဲ့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကတော့ ပုဂံဒေသကို ပညာရှင်ရောက်ရှိနေတာ သေချာတယ်လို့ အတည်ပြုပါတယ်။

ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံ)ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ”စိစစ်အကဲဖြတ်ပြီး အစီရင်ခံစာ ရေးသားမယ့် ပညာရှင်အနေနဲ့ အောက်တိုဘာလောက်မှ ရောက်မှာပါ။ ဒီလထဲ လာမှာမဟုတ်ပါဘူး”လို့ Frontier ကို စက်တင်ဘာ ၁၆ ရက်နေ့က ဖြေကြားခဲ့ပါတယ်။ သူ့ကို အဲဒီလို လူချင်းတွေ့ဆုံ မေးမြန်းနေတဲ့အချိန်က သူဟာ အဲဒီ ပညာရှင်ဖြစ်သူ ရစ်ချက်မာကေးနဲ့ အတူရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

ယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေး အထောက်အကူပြုကော်မတီ (ပုဂံညောင်ဦး)ရဲ့ အဖွဲ့ဝင် ကိုနိုင်ထွန်းက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ လုပ်နေတဲ့အချိန်မှာ အစိုးရအရာရှိတစ်ယောက်အနေဖြင့် လူထုနဲ့ သတင်းမီဒီယာတွေကို အကျိုးအကြောင်းနဲ့ အမှန်အတိုင်း ပြောကြားသင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပညာရှင် ရစ်ချက်မက်ကေးနဲ့ ပုဂံဒေသခံ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲကို စက်တင်ဘာ ၁၉ ရက်မှာ ပြုလုပ်မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိတ်ကြားထားပါတယ်။ ဒါပေမယ့် သတင်းရေးသားနေချိန်အထိ ဘယ်အချိန်နဲ့ ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ အကြောင်းမကြားသေးဘူးလို့ တွေ့ဆုံပွဲမှာ ပါဝင်မယ့် ကိုနိုင်ထွန်းက ပြောပါတယ်။

”အခုအထိ ဘာမှ အကြောင်းမကြားသေးဘူး။ အဲဒီတွေ့ဆုံပွဲမှာ ပြောခွင့်ရမယ်ဆိုရင် အစိုးရရဲ့ အလွဲအမှားတွေနဲ့ ဘုရားပေါ်တက်တာ ပိတ်ထားတဲ့အတွက် ခရီးသွားလုပ်ငန်းကို ကျဆင်းမယ်ဆိုတာရယ်၊ လူလုပ်ကုန်းတွေ လုပ်တဲ့အတွက် ရှေးဟောင်းယဉ်ကျေးမှုဥပဒေကို ချိုးဖောက်တာဆိုတာရယ်လောက်ပေါ့” လို့ သူက ဆိုပါတယ်။

သြစတြေးလျနိုင်ငံသားပညာရှင် မက်ကေးရဲ့ ခရီးစဉ် နီးကပ်တဲ့အချိန်မှာပဲ ပုဂံဘုရားတွေရဲ့ ပုရဝဏ်အတွင်း ဈေးရောင်းချသူတွေကို ညအိပ်ညနေ ဈေးမရောင်းဖို့ စက်တင်ဘာ ၁၁ ရက် နေ့စွဲနဲ့ စာထုတ်ခဲ့တဲ့အပြင် ဘုရားတွေအပေါ်မှာ ဈေးရောင်းချခွင့်ကိုလည်း တချို့နေရာတွေမှာ ပိတ်ပင်လိုက်ပါတယ်။

ပုဂံဘုရားဈေးသည်များအဖွဲ့ ခေါင်းဆောင် ကိုတင်လင်းအောင်က ဈေးသည်တွေကို ညအိပ်ညနေ ဈေးရောင်းချခွင့်မပြုပါက ဆိုင်ပိတ်သိမ်းသည့်အခါ ပစ္စည်းသယ်ဆောင်ရ ခက်ခဲကြောင်းနဲ့ ဘုရားပေါ် ဈေးရောင်းချခွင့် ပိတ်ပင်တာကလည်း စားဝတ်နေရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့လည်း ယူနက်စကို ဝင်စေချင်ပါတယ်။ အခုလို အချိန်ကိုက်ပြီး ဖြစ်လာတာက ယူနက်စကို မဝင်စေချင်တဲ့ အစိုးရတာဝန်ရှိသူတွေက ဈေးသည်တွေကို သွေးထိုးပြီး လူထုက ယူနက်စကို မဝင်ချင်တော့မယ့် ပုံစံမျိုး လုပ်နေတဲ့သဘောပါ။ ကျွန်တော်တို့မှာ အဲဒီလိုစိတ် မရှိပါဘူး”လို့ သူက ပြောပါတယ်။

မြန်မာဗိသုကာပညာရှင်များအသင်း (AMA)က ယမန်နှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ပုဂံဒေသမှာ ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံပေါင်း ၃၈၂၂ခု ကျန်ရှိနေသေးကြောင်းနဲ့ အဲဒီအဆောက်အအုံထဲမှာ ဘုန်းကြီးကျောင်းတွေ၊ ဂူကျောင်းတွေ၊ ထူပါစေတီတွေနဲ့ တခြားသော မြင်တွေ့နိုင်တဲ့ သမိုင်းဝင်နေရာတွေ အားလုံး ပါဝင်ပါတယ်။

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်း၊ မသွင်းကို ၂ဝ၁၉ ခုနှစ်မှာ အာဇာဘာဂျန်နိုင်ငံမှာ ပြုလုပ်မယ့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ အဖွဲ့ဝင် ၂၁ နိုင်ငံက မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပြီး ပုဂံကို အခုရောက်ရှိနေတဲ့ ပညာရှင်က သူတို့ ဆုံးဖြတ်နိုင်ရေးအတွက် အစီရင်ခံစာ ရေးသားပေးရမှာ ဖြစ်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar