ပုဂံရှေးဟောင်းမြို့တော် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ပြီ

ရဲမွန်

အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှုအလွဲများစွာဖြင့် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံရှေးဟောင်းမြို့တော်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းလိုက်ကြောင်း ဇူလိုင် ၆ ရက်က ကြေညာလိုက်ပြီဖြစ်သည်။

နိုင်ငံပေါင်း၂၁ နိုင်ငံမှ ကိုယ်စားလှယ်များပါဝင်သည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီက အဇာဘိုင်ဂျန်နိုင်ငံတွင် ပြုလုပ်နေသည့် ကော်မတီ၏ ၄၃ ကြိမ်မြောက်ညီလာခံ၌ ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်တွင် မြန်မာအစိုးရဘက်မှ ထပ်မံဆောင်ရွက်ပေးရမည့် မှတ်ချက်များပါ မပါကိုမူ သေချာစွာ မသိရှိရသေးပေ။

ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ဆုံးဖြတ်ပေးခဲ့သည့်ကော်မတီ၌ပါဝင်သောနိုင်ငံ ၂၁ နိုင်ငံတွင် တရုတ်၊ အိန္ဒိယ၊ အန်ဂိုလာ၊ သြစတြေးလျ၊ အဇာဘိုင်ဂျန်၊ ဘော့စနီးယား၊ ဘရာဇီး၊ ကျူးဘား၊ ဂွာတီမာလာ၊ ဟန်ဂေရီ၊ ကူဝိတ်၊ နော်ဝေ၊ တူနီးရှား၊ စပိန်၊ အင်ဒိုနီးရှား၊ ယူဂန်ဒါစသည့် နိုင်ငံများလည်းပါဝင်သည်။

အစည်းအဝေးတွင် တရုတ်၊ ယူဂန်ဒါ၊ စပိန်၊ အင်ဒိုနီးရှား၊ နော်ဝေ စသည့်နိုင်ငံများက ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ဆောင်ရွက်ချက်များအပေါ်အသိအမှတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံအတွက်လည်းဂုဏ်ယူကြောင်း၊ စိန်ခေါ်မှုများကိုလည်း ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း စသည်ဖြင့် ၎င်းတို့၏အမြင်များကို ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ရှေးဟောင်းစေတီပုထိုးများအပါအဝင် သမိုင်းဝင်အဆောက်အအုံပေါင်း ၃,၈၂၂ ခုရှိသည့် ပုဂံဒေသသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ၁၉၉၅ ခုနှစ်က ယင်းကော်မတီသို့ ပထမအကြိမ်အဖြစ် တင်သွင်းခဲ့ဖူးပြီး အမွေအနှစ်ထိန်းသိမ်းမည့်ဥပဒေနှင့် စီမံခန့်ခွဲမှုအစီအစဉ်များ မရှိခြင်းကြောင့် ၁၉၉၇ ခုနှစ်တွင် ပယ်ချခံခဲ့ရသည်။

၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရန် မြန်မာအစိုးရက ထပ်မံပြင်ဆင်ခဲ့ပြီး ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအသစ်ပြဋ္ဌာန်းခြင်း၊ စီမံခန့်ခွဲမှုအစီအစဉ်များ သေချာတိကျစွာ ချမှတ်ဆောင်ရွက်ခြင်း စသည့်ပြင်ဆင်မှုများဖြင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်နိုင်ရေးအဆိုပြုလွှာကို ယခုနှစ်ဇန်နဝါရီလတွင် ထပ်မံတင်သွင်းခဲ့သည်။

ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းတင်သွင်းသင့် မသင့် ဆုံးဖြတ်နိုင်ရန် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အပြည်ပြည်ဆိုင်ရာ အမွေအနှစ်အဆောက်အအုံများနှင့်ဒေသများ ထိန်းသိမ်းရေးကောင်စီမှ သြစတြေးလျနိုင်ငံသားပညာရှင် ရစ်ချတ်မက်ကေးလာရောက်စစ်ဆေးခဲ့ရာ အဆိုပါကောင်စီကလည်း ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ထောက်ခံချက်ပေးခဲ့သည်။

ရှေးဟောင်းပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားပြီဖြစ်သော်လည်း မြန်မာအစိုးရ၏ စီမံခန့်ခွဲမှုအလွဲများ ထပ်မံပေါ်ပေါက်မည်ကို ရှေးဟောင်းသုတေသနပညာရှင်များက စိုးရိမ်လျက်ရှိသည်။

မြန်မာနိုင်ငံ ရှေးဟောင်းပညာအသင်းမှ အတွင်းရေးမှူး ကိုသူရအောင်က အစိုးရဘက်က စိန်ခေါ်မှုများစွာကို ဖြတ်သန်းရဦးမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ရှေးဟောင်းအမွေအနှစ်တန်ဖိုးများ သိရှိနားလည်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရဦးမည်ဟု Frontier ကိုပြောသည်။

“ပုဂံဇုန်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှ စီးပွားရေးလုပ်တယ်လို့မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရှိတယ်။ ဒီစီးပွားရေးသမားတွေကို ဖိအားပေးနိုင်တာ အစိုးရပဲရှိတယ်။ အခုက အစိုးရက သူတို့ကိုအလိုလိုက်တဲ့ ပုံစံဖြစ်နေတယ်။ အမွေအနှစ်တွေရဲ့တန်ဖိုးကို နားလည်အောင် အစိုးရက စီးပွားရေးသမားတွေကို နားချပေးရမယ်”ဟု ကိုသူရအောင်ကဆိုသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီက ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းနိုင်ပြီဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်သည့် ရှေးဟောင်းမြို့တော် လေးခုရှိလာပြီဖြစ်သည်။ ဗိဿနိုး၊ ဟန်လင်းနှင့် သရေခေတ္တရာစသည့် ပျူမြို့တော် သုံးခုတို့သည် ၂၀၁၄ ခုနှစ်က စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar