ဖြိုးဟိန်းကျော်/အေအက်ဖ်ပီ ရေးသားသည်။
လူသုံးဦးသေဆုံးခဲ့ရသည့် ပြင်းထန်သော ငလျင်တစ်ခု မြန်မာနိုင်ငံအလယ်ပိုင်းတွင် သြဂုတ် ၂၄ ရက်နေ့က လှုတ်ခတ်သွားပြီးနောက် မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် ပုဂံတွင် ထိခိုက်သွားသည့် စေတီပုထိုး အပျက်အစီးများကို အာဏာပိုင်များက စစ်ဆေးနေကြပြီ ဖြစ်သည်။
အင်အား ရစ်တာစကေး ၆ ဒသမ ၈ ရှိသည့် ငလျင်ကြောင့် ပျက်စီးသွားသည့် ဘုရားများအပေါ်တွင် ဖုန်မှုန့်များ လွင့်စင် ပျောက်ကွယ်သွားပြီးနောက် တာဝန်ရှိသူများက စာရင်းများ ကောက်ယူနေကြပြီ ဖြစ်သည်။ ငလျင်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိန်းကလေးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
တိုင်းပြည်၏ အထွတ်အမြတ်ထားရာ ဘာသာရေးနယ်မြေဖြစ်ပြီး စေတီပုထိုး ၂၅၀၀ ခန့်ရှိသည့် ပုဂံသို့ ခရီးသည်များ ဝင်ရောက်မှုကို ရဲတပ်ဖွဲ့က တားမြစ်လိုက်ပြီဖြစ်ကာ အလုပ်သမားများက အပျက်အစီးများနှင့် အုတ်ကျိုးအုတ်ပဲ့များကို မြေပြင်ပေါ်မှ ရှင်းလင်း လှဲကျင်းနေကြသည်။
“ဘုရားရှိခိုးနေတုန်း အသံတွေ ကြားလိုက်တာ။ အဲဒီတုန်းက နိုင်ငံခြားခရီးသည်တွေလည်း ရှိတယ်” ဟု ပုဂံသို့ ပထမဆုံး လာရောက်ခဲ့သူ ဦးခင်မောင်တိုးက ငလျင်လှုပ်ချိန် အတွေ့အကြုံကို ပြန်ပြောင်း ပြောကြားသည်။
“ဘုရားပြိုကျတော့ ကျွန်တော့်မိန်းမတောင် သီသီလေး လွတ်သွားတာ” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။
ငလျင်ကြောင့် အနည်းဆုံး ဘုရားပုထိုး ၁၈၅ ဆူ ထိခိုက်ပျက်စီးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ အချို့သော ဘုရားများသည် သက်တမ်းနှစ် ၁,၀၀၀ ခန့် ရှိနေပြီ ဖြစ်ကာ မြန်မာနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသည်များကို အဓိက ဆွဲဆောင်နေသည့် ခရီးသွားဒေသတစ်ခု ဖြစ်သည်။
ရန်ကုန်မြို့ရှိ ယူနက်စကိုရုံးကလည်း ပျက်စီးမှုများကို စစ်ဆေးရန်အတွက် ကျွမ်းကျင်သူများကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း ရုံးအကြီးအကဲ ဆာဒါအူမာအလမ်က ပြောသည်။
အစိုးရကလည်း ယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသနဌာနများမှ အဖွဲ့များကို စေလွှတ်ထားသည်ဟု ၎င်းကပြောသည်။
“အဆောက်အအုံတွေ ဘယ်လို တည်ငြိမ်မှုရှိနေသေးတယ်နဲ့ တကယ်ပျက်စီးမှုက ဘယ်လောက်ဆိုးရွားတယ်ဆိုတာ သိရှိနိုင်ဖို့ အချိန်ယူရပါလိမ့်မယ်။ တကယ်လို့ အမိုးပြိုကျသွားရင် နံရံဆေးရေး ပန်းချီတွေနဲ့ နံရံတွေအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာမျိုးပါ” ဟု ၎င်းကပြောသည်။
ဘုရားဒေသရှိ လှပသော နေဝင်ချိန်ရှုခင်းကို ဖန်တီးပေးထားသည့် ဘုရားပုထိုးဟောင်းများသည် စစ်ပွဲများ၊ မြေငလျင်များနှင့် ပြင်းထန်သည့် အပူပိုင်းဒေသ နေအပူဒဏ်ကို ရာစုနှစ်များစွာ ကြံ့ကြံ့ခံခဲ့သည်။
အင်အားကြီးမားသည့် ဘုရင့်နိုင်ငံ၏ မြို့တော်ဖြစ်သော ပုဂံ၏ ရွှေရောင်တောက်ပခဲ့သည့် ကာလများဖြစ်သည့် ၉ ရာစုမှ ၁၃ ရာစုအတွင်း အာရှတိုက်တွင် အရေးအပါဆုံးသော စာပေသင်ကြားရာ နေရာများအနက် တစ်ခုဖြစ်ခဲ့သည်။
စနစ်မကျသော ပြုပြင်မှုလုပ်ငန်းများ
ပုဂံတွင် နောက်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်သည် ၁၉၇၅ ခုနှစ်တွင်ဖြစ်ကာ နောက်ပိုင်းတွင် စစ်အစိုးရလက်ထက်တွင် အငြင်းပွားဖွယ် ပြုပြင်တည်ဆောက်မှု လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့သည်။
ခေတ်ပေါ် တည်ဆောက်ရေး ပစ္စည်းများဖြင့် အလျင်အမြန် ဆောင်ရွက်ခဲ့ကြသော စနစ်မကျသည့် ပြုပြင်ရေး လုပ်ငန်းများကြောင့် အချို့သော စေတီပုထိုးများတွင် မူလဗိသုကာလက်ရာများနှင့် ဒီဇိုင်းများ ပြောင်းလဲသွားရသည်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။
ပြီးခဲ့သည့်နှစ်များအတွင်း ဆယ်စုနှစ်ပေါင်းများစွာ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှု လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုများ တိုင်းပြည်တွင်း ဖြစ်ထွန်းလာချိန်တွင် ရှေးဟောင်းအမွေအနှစ်များအား ထိန်းသိမ်းရေးအတွက် ယူနက်စကိုက အစိုးရနှင့် တိုက်ရိုက်ချိတ်ဆက် လုပ်ဆောင်လာသည်။
ပုဂံအား ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် မြန်မာနိုင်ငံက စိတ်အား ထက်သန်နေသည်။