ပုဂံဒေသကို ထိန်းသိမ်းရန် စုပေါင်း ကြိုးပမ်းခြင်း

ယူနက်စ်ကိုက ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် စဉ်းစားနေချိန်တွင် ထိန်းသိမ်းရေး လုပ်ငန်းများသည် စုပေါင်း လုပ်ဆောင်မှသာ ထိရောက်အောင်မြင်နိုင်မည် ဖြစ်သည်။

နိုအယ်လ် ဘွိုင်ဗင် ရေးသားသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ၌ ပြင်းအား ၆ ဒသမ ၈ ရှိသော ငလျင်တစ်ခု မြန်မာနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခဲ့ရာ ပုဂံရှေးဟောင်းဒေသ၌ ဘုရားပုထိုးပေါင်းများစွာ ထိခိုက်ခဲ့သည်။ သို့သော် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ကတိုက်ကရိုက် ဆောင်ရွက်ကြပြီး တစ်ဦးချင်း လုပ်ဆောင်မှုက များပြားခဲ့သည်။

အများပြည်သူတို့က များစွာလှူဒါန်းခဲ့ကြပြီး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးတွင် ကျွမ်းကျင်မှုမရှိသော၊ ထိန်းသိမ်းရေးနည်းလမ်းစည်းကမ်းများကို မသိရှိသော သာမန်ပြည်သူများသည် လေ့ကျင့်ထားသော ပညာရှင်များနှင့်ပူးပေါင်းကာ ပြုပြင်မှုများကို လုပ်ဆောင်လာသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ယူနက်စ်ကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းခံရရန် လျာထားသော ပုဂံဒေသကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် ဖြစ်သည်။

ယူနက်စ်ကို၊ ကမ္ဘာ့ဘဏ်၊ ICCROM ၊ CyArk ၊ SEAMEO- SPAFA နှင့် အခြားအေဂျင်စီများသည် ကျွမ်းကျင်ပညာရှင်များနှင့် ရင်းမြစ်များကို ထောက်ပံ့ကူညီခဲ့ပြီး အိန္ဒိယ၊ တရုတ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း ငလျင်အပြီး ပြုပြင်မှုများတွင် ပါဝင်ကူညီခဲ့သည်။

၁၉၇၅ ပုဂံငလျင်တွင် ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင် ဒေါက်တာ ပရီဒရက် ဂါဗရီလိုဗစ် Dr Predrag Gavrilovic သည် နာမည်ကြီး ပြင်သစ်လူမျိုး ထိန်းသိမ်းရေး ပညာရှင် မစ္စတာ ပြဲပီချတ် Mr Pierre Pichard နှင့် အခြားပညာရှင်တို့နှင့်အတူ ပူးပေါင်းပြီး ယူနက်စ်ကို ဦးဆောင်သော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် ငလျင်သည် ၂၀၁၆ ခုနှစ် ငလျင်ကဲ့သို့ပင် အင်အားပြင်းထန်သော ငလျင်ဖြစ်သည်။

ဆယ်စုနှစ် ၄ ခုခန့်ကြာပြီးနောက် ၂၀၁၆ ခုနှစ်၌ မြန်မာနိုင်ငံတွင် ငလျင်ထပ်မံလှုပ်ခတ်သောအခါ ယခင်က အမှားမျိုး ထပ်မံလုပ်ဆောင်မိမည်ကို ဒေါက်တာ ဂါဗရီလိုဗစ် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် အားလုံးစုပေါင်းကာ မြင့်မားသော ပြုပြင်ထိန်းသိမ်းရေး စံနှုန်းများကို လိုက်မီစေရန် လုပ်ဆောင်ကြဖို့ တိုက်တွန်းထားသည်။

“ပြုပြင်ထိန်းသိမ်းဖို့ ရန်ကုန်ကို ရောက်လာတဲ့ အဖွဲ့အစည်းတွေက များလွန်းတာကြောင့် တစ်ဦးက ဘုရားပုထိုး တစ်ခုစီကို သူတို့ စိတ်ကြိုက် ပြုပြင်ကြလိမ့်မယ်။ အားလုံး တစုတစည်းတည်း စုပေါင်းလုပ်ကြရင် ပိုကောင်းပါလိမ့်မယ်” ဟု Macedonia Institute of Earthquake Engineering and Engineering Seismology မှ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ဂါဗရီလိုဗစ်က ပြောကြားသည်။

ညီညီညွတ်ညွတ် လုပ်ဆောင်မှု

နိုင်ငံတော် အာဏာပိုင်များကလည်း ထိုအမြင်ကို လက်ခံသည်။ မကြာသေးမီက ပုဂံတွင် ကျင်းပသော Technical Coordination Forum တွင် ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ပုဂံတွင် လုပ်ဆောင်သော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းအားလုံးအတွက် နိုင်ငံတကာ စုပေါင်းကော်မတီ ဖွဲ့စည်းခြင်းကို ထောက်ခံပါသည်ဟု ပြောကြားခဲ့သည်။ ယင်းနိုင်ငံတကာ ကော်မတီသည် မြန်မာ စုပေါင်းကော်မတီ အဖွဲ့ဝင်များ ဥက္ကဋ္ဌတို့နှင့် တစ်နှစ်လျှင် ၂ ကြိမ် တွေ့ဆုံပြီး လုပ်ငန်းဆောင်တာများ တညီတညွတ်တည်း ဖြစ်စေရန် လုပ်ဆောင်မည် ဖြစ်သည်။

ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် လစဉ် နှစ်စဉ် အစီရင်ခံစာများ ထုတ်ပြန်ရမည် ဖြစ်သည်။

ယူနက်စ်ကိုနှင့် ဂျပန်နိုင်ငံမှ National Federation of UNESCO Association တို့ လုပ်ဆောင်ခဲ့သော အမေရိကန် ဒေါ်လာ ၇၅၀,၀၀၀ ကုန်ကျသည့် ၃ နှစ်ကြာ စီမံကိန်းနှင့် နိုင်ငံတကာမှ အလှူရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရာတွင် နိုင်ငံတကာ အဆင့်အတန်းမီသော စံနှုန်းများ ရရှိခဲ့သည်။

သူရ ဦးအောင်ကိုက အာနန္ဒာဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီများကို ပြုပြင်ထိန်းသိမ်းရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမည်ဟု ဆိုသည်။ အာနန္ဒာဘုရားအတွင်းရှိ နံရံဆေးရေး ပန်းချီများသည် ငလျင်ကြောင့် အတော်အတန် ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

ငလျင်အပြီး ပြည်တွင်းမှ ရရှိသော အလှူငွေများကို အသုံးပြုကာ ယူနက်စ်ကို ဦးဆောင်သော ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ဖြင့် နိုင်ငံတကာ စံနှုန်းများကို ရရှိနိုင်မည်ဖြစ်ပြီး ရှေးဟောင်းသုတေသနဌာနမှ ဝန်ထမ်းများကို လေ့ကျင့်ပေးနိုင်မည် ဖြစ်သည်။

ပုဂံဒေသအတွက် ငလျင်အန္တရာယ်ပြ မြေပုံကိုလည်း ရေးဆွဲမည်ဖြစ်ပြီး အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ငလျင်များအတွက် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ယင်းကို ယခင်သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီးဟောင်းလည်း ဖြစ်ပြီး ပုဂံဒေသရှိ ကျွမ်းကျင်ပညာရှင်များ အသင်းတွင် ဥက္ကဋ္ဌလည်း ဖြစ်သော ဒေါက်တာ အောင်ကျော်မြတ်က ဦးစီးလုပ်ဆောင်နေခြင်း ဖြစ်သည်။

ယင်းမှာ ကမ္ဘာ့ဘဏ်က ရေးဆွဲပြဋ္ဌာန်းထားသော သဘာဝကပ်ဘေး စီမံခန့်ခွဲရေး အစီအစဉ်တွင် အကြံပြုထားသည့် အချက်များတွင် ပါဝင်သည်။ သို့ဖြင့် သဘာဝဘေးနှင့် လူကြောင့် အန္တရာယ်များ ဖြစ်ပေါ်နိုင်သည့် သီးခြားနေရာတစ်ခုကို ကာကွယ်ရန် အချက်အလက်များ ရရှိမည် ဖြစ်သည်။

အတိတ်က အမှားများကို ထပ်မံ မလုပ်ဆောင်မိစေရေးအတွက် ၁၉၈၂ – ၁၉၉၂ ခုနှစ် ယူနက်စ်ကို ဦးဆောင်သော အစီအစဉ်အပြီး လုပ်ဆောင်ခဲ့သည့် ပြုပြင်မှုလုပ်ငန်းများလည်း ပါဝင်သည်။

ယူနက်စ်ကို၊ ကမ္ဘာ့ဘဏ်နှင့် ၎င်းတို့၏ မိတ်ဖက်အဖွဲ့များက ထိုပြုပြင်မှုများ၏ ဆိုးကျိုးကို ထောက်ပြခဲ့သည်။ ၂၀၁၆ ခုနှစ်က ဖြစ်ပွားသောငလျင်တွင် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့သည့် ဘုရားပုထိုးများမှာ ထိုပြုပြင်ထားသော ဘုရားများသာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အဓိက ဖြစ်ပျက်ခဲ့သည်များမှာ မူလဘုရားများပေါ်မှ ထပ်မံဖြည့်စွက် ပြုပြင်သည့်အပိုင်းများက မူလဘုရားပေါ်ကို ပြိုကျခြင်းများ ဖြစ်သည်။

“လမ်းညွှန်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ နည်းပညာသစ်တွေနဲ့ လုပ်ဆောင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းသစ်တွေ ထွက်လာမှာပါ။ ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုက နဂိုရှိရင်းစွဲကို မပြုပြင်ဘဲ ထိန်းသိမ်းတဲ့ နည်းလမ်းကို သုံးသွားမှာပါ” ဟု ဒေါက်တာ ဂါဗရီလိုဗစ်က ဆိုသည်။

ပုဂံဒေသတွင် ရေရှည်ထိရောက်သော ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် ဘွဲ့ရရှိပြီးသော ကျောင်းသားများအတွက် ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းများ ပို့ချပေးမည့်ကျောင်းများ၊ အထူးသဖြင့် နံရံဆေးရေးပန်းချီ ထိန်းသိမ်းရေး နည်းပညာများကို ရှေးဟောင်းသုတေသနဌာနက လုပ်ဆောင်ပေးသွားရမည် ဖြစ်သည်ဟု သူရ ဦးအောင်ကိုက ဆိုသည်။

ရှေးဟောင်း သုတေသနဌာနသည် ယင်း၏မြို့ပြအင်ဂျင်နီယာများနှင့် ထိန်းသိမ်းရေး ပညာရှင်များကို ဆက်လက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး ယင်း၏ ပုဂံရုံးခွဲတွင် ဝန်ထမ်း ၅၀၀ ခန့်အထိ တိုးမြင့်ထားရှိမည် ဖြစ်သည်။

တည်ရှိနေသည့် အမွေအနှစ်ကို ထိန်းသိမ်းခြင်း

ပုဂံဒေသသည် ရှေးဟောင်း သုတေသနဆိုင်ရာ တန်ဖိုးတစ်ခုတည်း ရှိသည်မဟုတ်ပေ။ ဗုဒ္ဓဘာသာဝင် သန်းပေါင်းများစွာ၏ ဘုရားဖူး လာရောက်သော နေရာဖြစ်သဖြင့် ထိန်းသိန်းမှု ပြုလုပ်ရာတွင် ပိုမိုရှုပ်ထွေး စေပါသည်။

ဥပမာပြရမည်ဆိုလျှင် စူဠာမဏိစေတီသည် ငလျင်ကြောင့် အဓိက ထောက်တိုင်တစ်ခု ကျိုးသွားခဲ့သည်။ ယင်းကို ဒေသခံများက ဘာသာရေး အကြောင်းပြပြီး ချက်ချင်းပြုပြင်စေလိုသည်။ ပြုပြင်ထိန်းသိမ်းသူများက ယင်းပြုပြင်မှုကို ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။ ဂရုတစိုက် မလုပ်ဆောင်ပါက ထပ်မံကျိုးကျပြီး လာရောက်လည်ပတ်သော ဘုရားဖူးများကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု ဆိုသည်။

မစ္စတာ ပီချတ်ကလည်း ထောက်တိုင်များကို လက်ရှိ ဘုရားဖူးများ လာရောက်နေသော ဘုရားများတွင် ဂရုတစိုက်နှင့် အချိန်ယူ ပြန်လည်ဆောက်လုပ်ရမည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်နိုင်ရန် ပါဝင်သူအားလုံးကြားတွင် အချင်းချင်း လေးစားမှုနှင့် ပွင့်လင်းသော ဆွေးနွေးမှုများ လိုအပ်ပေသည်။ ယင်းမှာ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်စေရန် ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ် ကော်မတီ World Heritage Committee သည် လာမည့်နှစ်တွင် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ဆုံးဖြတ်မည်ဖြစ်ရာ ထိုသို့ စာရင်းသွင်းခံရပါက လာရောက်မည့် ခရီးသွား ဧည့်သည်များကို ပုဂံဒေသက နေရာပေးနိုင်မည်လော၊ ယင်းသည် ပုဂံဒေသကို ပိုမိုပျက်စီးစေမည်လောဟု စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

ထိုကိစ္စကို ဖြေရှင်းရန် ပြည်တွင်းမှ ပါဝင်သူများနှင့် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းမှုပိုင်း၌ ကျွမ်းကျင်သူများသည် ယူနက်စ်ကို၏ စီမံကိန်း တစ်လျှောက်လုံးတွင် ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ပြီး စိုက်ပျိုးရေး ထိန်းသိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲခြင်းနှင့် ဒေသခံ လူ့အဖွဲ့အစည်း၏ အမွေအနှစ်ထိန်းသိမ်းခြင်း စသည့် နယ်ပယ်များကို ထိရောက်စွာ လုပ်ဆောင်သွားမည် ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် ထိုအချက်များ ပါဝင်မည်ဖြစ်သည်။ ရေရှည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း ခရီးသွားလုပ်ငန်း၏ အကျိုးအမြတ်ကို ဒေသခံပြည်သူများ ခံစားနိုင်စေခြင်း စသည်တို့ ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းမှု အာဏာပိုင်များက အကြံပေးရာတွင် ခရီးသွားလုပ်ငန်းမှ ရရှိသောဝင်ငွေထဲမှ ရာခိုင်နှုန်းအချို့ကို ပုဂံဒေသ ထိန်းသိမ်းရာတွင် အသုံးပြုသင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်  ထိန်းသိမ်းရေးလုပ်ငန်းများကို ဆယ်စုနှစ်များစွာ လုပ်ဆောင်လာသော ဒေါက်တာ ဂါဗရီလိုဗစ်က ပြောကြားရာတွင် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပါက ပုဂံဒေသ ထိန်းသိမ်းရေး လုပ်ငန်းများသည် ပိုမိုအားကောင်းလာမည်သာ ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံက တံခါးပိတ်ထားသည်မှာ ကြာပြီဖြစ်ကြောင်း ပုဂံဒေသ ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပြီး ဒေသတွင်း၌ ထင်ရှားသော ခရီးသွားနေရာ တစ်ခု ဖြစ်လာအောင် လုပ်ဆောင်သင့်သည်ဟု ဒေါက်တာ ဂါဗရီလိုဗစ်က ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar