ပိတ်ဆို့ဒဏ်ခတ်မှုများက ရခိုင်အကျပ်အတည်းကို ပိုမိုဆိုးဝါးစေနိုင်ဟု ICG သတိပေး

ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများချမှတ်မည့် မည့်သည့်လုပ်ရပ်မဆို အကောင်းဘက်သို့ ပြောင်းလဲလာရန် မဖြစ်နိုင်ဘဲ အခြေအနေကို ပိုမိုဆိုးဝါးစေနိုင်ကြောင်း နိုင်ငံတကာ ဉာဏ်ကြီးရှင်အဖွဲ့တစ်ခုက သတိပေးလိုက်သည်။

အဆိုပါအကျပ်အတည်းနှင့် ပတ်သက်၍ မြန်မာက နိုင်ငံရေးအရ ဦးတည်ချက်တစ်ခု ချမှတ်ထားပြီးဖြစ်သည်ကို အသိအမှတ်ပြုရန် အရေးကြီးပြီး ၎င်းအား ပြောင်းလဲမှုပြုလုပ်ရန် အလွန့်အလွန် ခက်ခဲမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် International Crisis Group က ဒီဇင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် သတိပေးဖော်ပြထားသည်။

“တစ်မျိုးသားလုံးရဲ့ တူညီခိုင်မာတဲ့ သဘောထားကို ချဲ့ကားပြောဖို့တော့ ခက်ပါတယ်။ အစိုးရ၊ စစ်တပ်နဲ့ နိုင်ငံသား အားလုံးနီးပါးဟာ ဒီပြဿနာနဲ့ပတ်သက်လို့ စည်းလုံးမှုရှိပါတယ်။ ခေတ်သစ်သမိုင်းမှာ ဘယ်လိုကိစ္စအပေါ်မှာမှ ဒီလို စည်းလုံးမှုမရှိပါဘူး။ ဒါ့ကြောင့် တရားဝင်ပေါ်လစီကို ရွှေ့ပစ်ဖို့ သာမာန်ထက် ခက်ခဲပါလိမ့်မယ်” ဟု ICG က ပြောသည်။

“ပိတ်ဆို့ဒဏ်ခတ်မှုတစ်ခုခု ပြဋ္ဌာန်းမယ်ဆို သတိတရားနဲ့ နှိုင်းနှိုင်းချိန်ချိန် လုပ်ဖို့လိုပါတယ်။ ပိတ်ဆို့မှုတွေက အချက်ပြမှုတစ်ခု ဖြစ်လာနိုင်ပြီး အလားတူ ဆောင်ရွက်မှုတွေ ပြလုပ်ဖို့ စဉ်းစားနေတဲ့ အခြားသူတွေကိုတော့ ဒီလို မစဉ်းစားဖို့ တားဆီးနိုင်ပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံမှာ အကောင်းဘက်ကို ပြောင်းလာဖို့တော့ မဖြစ်နိုင်ပါဘူး။ ဘာကို အတိအကျလုပ်တယ်ဆိုတဲ့အပေါ် မူတည်နေခြင်းက အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်” ဟု ICG ကဆိုသည်။

“မြန်မာနိုင်ငံ၏ ရိုဟင်ဂျာအကျပ်အတည်းမှာ အန္တရာယ်ရှိသည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာ” ဟု ခေါင်းစဉ်တပ်ထားသည့် စာမျက်နှာ ၁၉ မျက်နှာပါ အစီရင်ခံစာသည် သြဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများ၏ နောက်ခံအကြောင်းအရာသစ်ကို ဖော်ပြထားပြီး နောက်ဆက်တွဲ ဘေးဒုက္ခကပ်ဖြစ်ပေါ်စေသည့် စစ်ဆင်ရေးနှင့် စိန်ခေါ်မှုများကို အကဲဖြတ်ထားကာ အစိုးရနှင့် နိုင်ငံတကာ တုံ့ပြန်မှုကို ဆွေးနွေးထားသည်။

မမျှော်မှန်းနိုင်ခဲ့သည့် လူသားဘေးဒုက္ခအပြင် အကျပ်အတည်းက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေကို အသွင်ပြောင်းလိုက်သည့်သလို ဒေသတွင်း လုံခြုံရေးအခင်းအကျင်းအပေါ်တွင်လည်း ကြီးမားသည့် သက်ရောက်မှုကြီးတစ်ခု ရောက်ရှိလာမည်ဖြစ်သည်။

“အကျပ်အတည်းက လာမယ့်နှစ်တွေမှာ ကမ္ဘာ့နေရာတော်တော်များက မြန်မာနိုင်ငံအပေါ် သူတို့ရဲ့သဘောထားအမြင်နဲ့ ပုံဖော်ပါလိမ့်မယ်။ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ အားလုံးမှာ ကြီးမားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ပါ။ အနောက်ကမ္ဘာနဲ့ ဆယ်စုနှစ်များစွာ အဆက်ပြတ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ သူအလိုအပ်ဆုံးဖြစ်နေချိန်မှာ တစ်ကမ္ဘာလုံးရဲ့ စေတနာထားမှု တော်တော်များများကို ဖြုန်းတီးလိုက်ပါတယ်” ဟုလည်း ICG က ပြောကြားထားသည်။

အထူးသဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံနှင့် အစိုးရ၏ ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓါတ်ကို ပြောင်းလဲပစ်ရန် ပျက်ကွက်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။ ထိုစဉ် ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ထွက်သွားမှုက ဆက်လက်ဖြစ်ပေါ်နေပြီး မကြာမီ ဝမ်းနည်းဖွယ် အဆုံးမှတ်သို့ ရောက်သွားနိုင်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာအားလုံးနီးပါး မရှိသလောက် ဖြစ်နေပြီဖြစ်သည်ဟု ဆိုသည်။

ပိတ်ဆို့ဒဏ်ခတ်ခြင်းအား သတိပေးခြင်းအပြင် အကျပ်အတည်းက ဝရုန်းသုံးကားနိုင်ပြီး မရေရာသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေစဉ် နောက်ထပ်အရေးကြီးသည့် စဉ်းစားစရာတစ်ခုက ဒုက္ခသည်များ ပြန်လာရေးဖြစ်သည်။ ဒုက္ခသည်များ မိမိဆန္ဒအလျောက် အန္တရာယ်ကင်းစွာ၊ ဂုဏ်ရှိစွာ ပြန်လာခွင့်ကို စဉ်ဆက်မပြတ် တောင်းဆိုရန်လိုသည်ဟု ၎င်းအဖွဲ့က ပြောသည်။

“အခြေခံအားဖြင့်တော့ အစိုးရရော၊ လုခြုံရေးတပ်ဖွဲ့ဝင်တွေပါ ဒုက္ခသည်တွေ ဆန္ဒအလျောက်ပြန်လာဖို့နဲ့ ယုံကြည်လောက်ပြီး ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုကို အဆုံးထိ အကောင်အထည်ဖော်ဖို့ အခြေအနေတွေ ဖန်တီးဖို့ ပြင်းပြတဲ့ နိုင်ငံရေးစိတ်ဓါတ်တော့ မရှိပါဘူး” ဟုလည်း ICG က ဆိုသည်။ ဆိုးဝါးသည့် ပကတိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာအများစုမှာ မကြာခင် အိမ်ပြန်လာဦးမည်မဟုတ်ပေ။

ထို့ပြင် ARSA အဖွဲ့က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများလုပ်လာနိုင်သလို နိုင်ငံဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

ပေါ်လစီချမှတ်သူများကို ICG ကအကြံပြုရာတွင် မည်သည့်တုံ့ပြန်မှုမဆို မြန်မာပြည်သူများအပေါ် အကန့်အသတ်ဖြင့် ကျရောက်လာနိုင်ပြီး ပြည်သူများက အခြေခံဥပဒေအရ ဒီမိုကရေစီစနစ် ထိန်းချုပ်မှု၏ အပြင်ဘက်တွင် ရှိနေသည့် စစ်တပ်၏ လုပ်ရပ်ကြောင့် တန်ဖိုးတစ်ခု ပေးဆပ်ရခြင်းမှာ မသင့်တော်လှပေ။

ပေါ်လစီချမှတ်သူများအနေဖြင့် မြန်မာနှင့် ကင်းကွာစေမည့် တိုက်တွန်းချက်ကို ဆန့်ကျင်သင့်ပြီး မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးရေးအကူအညီများ ဆက်လက်ပေးရန်၊ စစ်ရေးမဟုတ်သည့် ထိတွေ့မှုများ ဆက်လက်ရှိနေရန်နှင့် ပစ်မှတ်ထား ဒဏ်ခတ်များကြောင့် ဆက်စပ်သည့် သက်ရောက်မှုများကို အနည်းဆုံးဖြစ်စေရေး ဂရုတစိုက်ဆောင်ရွက်ရန်အပြင် ပိတ်ဆို့မှုများမချမှတ်ခင် စစ်တပ်၊ အစိုးရတို့နှင့် တွေ့ဆုံညိနှိုင်းရန် ICG ကတိုက်တွန်းထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar