ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများ လျှော့ချရန် သမ္မတ တိုက်တွန်း

ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုကို ဖြစ်ပေါ်စေတဲ့ ပလတ်စတစ်အပါအဝင် စွန့်ပစ်ပစ္စည်းများကို လျှော့ချပြီး တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်ဖို့အတွက် ပြည်တွင်းက အသေးစား၊ အလတ်စား လုပ်ငန်းတွေကို အားပေးဆောင်ရွက် သွားကြရမယ်လို့လည်း ဇွန် ၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှု လျှော့ချရေး၊ ပြန်လည်ပြုပြင် သုံးစွဲနိုင်တဲ့ ပစ္စည်းများကို ပိုမိုသုံးစွဲရေး စတဲ့ အမူအကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို တိုက်တွန်း အားပေးဖို့နဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်နိုင်ရေးတို့အတွက် လိုအပ်တဲ့ မူဝါဒများကို ပြောင်းလဲချမှတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” လို့ သမ္မတက ပြောကြားပါတယ်။

ခန့်မှန်းခြေအားဖြင့် ပလတ်စတစ်အမှိုက်တွေ အပြည့်တင်ဆောင်ထားတဲ့ အမှိုက်ကားကြီးအစီး ၁၀၀ နဲ့ ညီမျှတဲ့ ပလတ်စတစ်တန်ချိန် ၂၀၀ ခန့်ဟာ မြန်မာနိုင်ငံရဲ့ မြစ်များအတွင်းကို နေ့စဉ်စီးဝင်နေပြီး အဆုံးမှာ ကမ္ဘာ့သမုဒ္ဒရာတွေထဲကို ရောက်ရှိသွားကြတယ်လို့ မြန်မာနိုင်ငံမှာ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း သိသာ မြင်သာမှုရှိလာအောင် လုပ်ဆောင်ရန်နဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ လျှော့ချနိုင်ဖို့ ရှေ့ဆောင်ကာ ဆောင်ရွက်နေတဲ့ သန့်မြန်မာလှုပ်ရှားမှုက ပြောကြားထားပါတယ်။

“ရန်ကုန်မှာ နေ့တိုင်းသုံးစွဲနေတဲ့ ပလတ်စတစ်အိတ်ပေါင်း သန်း ၂၀ ဝန်းကျင်လောက်ရှိပါတယ်။ အဲဒါကို တစ်ချက်လောက် စဉ်းစားကြည့်လိုက်ပါ။ ကျွန်မတို့ နေ့တဓူဝသုံးစွဲနေတဲ့ အရာတော်တော်များက ပလတ်စတစ်တွေနဲ့ ထုတ်ပိုးထားတယ်။ အဲဒီထုတ်ပိုးအိတ်တွေကိုလည်း တစ်ခါသုံးပြီးတာနဲ့ စွန့်ပစ်လိုက်ကြတာချည်းပဲ။ ဒါကြောင့် ဘယ်နေရာပဲ ကြည့်ကြည့် ပလတ်စတစ်အမှိုက်တွေချည်းပဲ” လို့ သန့်မြန်မာရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မမေသက်ထွေးက ပြောပါတယ်။

“ဘယ်လိုဖြေရှင်းကြမလဲဆိုတော့ ပလတ်စတစ်တွေ လျှော့သုံးကြမယ်၊ ပြန်လည် ပြုပြင်သုံးစွဲကြမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီးကိုက်ညီတဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေ ရွေးချယ် အသုံးပြုကြမယ်ဆိုရင် ဒီပလတ်စတစ် ညစ်ညမ်းမှုပြဿနာကို ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်မှာပါ” လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် အများပြည်သူ အသိပညာပေး လှုပ်ရှားမှု အစီအစဉ်အတွက် ထင်ရှားကျော်ကြားသူတွေက ရုပ်သံဗီဒီယိုတွေကနေတစ်ဆင့် အသိပညာပေး လှုံ့ဆော်ခြင်းနဲ့ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနေ့ကို ဦးတည်တဲ့ အခမ်းအနားများကဲ့သို့ အစီအစဉ်တွေကို ဥရောပသမဂ္ဂရဲ့ ထောက်ပံ့မှုနဲ့ လုပ်ဆောင်နေကြပါတယ်။ နိုင်ငံကျော် အနုပညာရှင်တွေရဲ့ ပလတ်စတစ်လျှော့ချမှု အသိပညာပေး ရုပ်သံဗီဒီယိုများ ထုတ်လွှင့်ပြသမှုဟာ ဇွန် ၅ ရက်နေ့က ကျရောက်ခဲ့တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့မတိုင်မီ သန့်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်းများက ဦးဆောင်ပြုလုပ်တဲ့ အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

“တကယ်တမ်းက ပလတ်စတစ် ညစ်ညမ်းမှုကို အဆုံးသတ်ဖို့ဆိုတာ ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လက်ထဲမှာပဲရှိပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့ရဲ့ အမူအကျင့်တွေ၊ နေ့စဉ်အလေ့အထတွေ၊ မစဉ်းစားမတွေးခေါ်ပဲ သက်သာဖို့ အလွယ်လိုက်ခဲ့တာတွေကို မပြောင်းလဲမပြင်ဆင်ဘူးဆိုရင် ပလတ်စတစ် ညစ်ညမ်းမှုဆိုတာ ပျောက်သွားမှာ မဟုတ်သလို ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေနဲ့ ဆက်ပြီး မွန်းကျပ်နေဦးမှာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံအမတ်ကြီး Kristian Schmidtက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar