ပထမဆုံးမုတ်သုန်မိုး ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာစခန်းများတွင် သည်းထန်စွာ ရွာသွန်း

အေအက်ဖ်ပီ

ယခုနှစ်၏ ပထမဆုံး မုတ်သုန်မိုးက ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ တစ်သန်းခန့်ရှိနေသည့် စခန်းများပေါ်သို့ ပြင်းထန်းစွာ ရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်သေပျောက်မှုနှင့် ကြီးမားသည့် အပျက်အစီးမရှိဟု တာဝန်ရှိသူများက ဇွန် ၁၀ ရက်နေ့တွင် ပြောကြားသည်။

မုတ်သုန်ရာသီကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း၌ လာမည့်လများအတွင်း လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဆိုးတစ်ခုဖြစ်လာနိုင်ကြောင်း အကူအညီပေးရေး အေဂျင်စီများက သတိပေးထားကြသည်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများ တည်ရှိသည့်နေရာသို့ လာမည့် မုတ်သုန်ရာသီသုံးလအတွင်း အင်အားပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းများနှင့် မိုးရေချိန် ၂ ဒသမ ၅ မီတာ (သို့မဟုတ်) ရှစ်ပေကျော်အထိ ရွာသွန်းလိမ့်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါမိုးရေချိန်မှာ ဗြိတိန်တွင် တစ်နှစ်လုံးရရှိသည်ထက် သုံးဆခန့် ဖြစ်သည်။

တောင်စောင်းများရှိ ယာယီတဲများတွင် ဒုက္ခသည်အများအပြား နေထိုင်လျက်ရှိသော ကော့ဘဇာဧရိယာတွင် ဇွန် ၉ ရက်နေ့ ညနေကတည်းက မိုးရေချိန် ၁၃၈ မီလီမီလာ( ၅ ဒသမ ၄ လက္မ) ရွာသွန်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်၏ မိုးလေဝသဌာနရုံးက ပြောကြားသည်။

“ဘောလုံးကွင်းဧရိယာလို တချို့နေရာတွေမှာ ရေကြီးပါတယ်။ တချို့်အိမ်တွေကို ရေလွှမ်းသွားပါတယ်။ မြေပြိုမှုအချို့လည်း ဖြစ်ပွားခဲ့ပါတယ်။ အခြေအနေက မကောင်းပါဘူး” ဟု ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာအေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် ကယ်ရိုလိုင်းဂလပ်က အေအက်ဖ်ပီကို ပြောကြားသည်။

မုတ်သုန်ရာသီက ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပံ့ပိုးမှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုတွင် ပါဝင်သူတိုင်းအတွက် ကြီးမားသည့် စမ်းသပ်မှုဖြစ်လိမ့်မည်ဟု ၎င်းကပြောသည်။ လာမည့်ရက်များတွင် နောက်ထပ် သည်းထန်သည့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းထားသည်။

မိုးရွာသွန်းမှုများကြောင့် ဒုက္ခသည်စခန်းများ၏ အချို့အစိတ်အပိုင်းများ ပျက်စီးသွားပြီး မြေလမ်းများမှာ ရွှံ့ဗွက်များအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်၍ ဒုက္ခသည်များနှင့် အကူအညီပေးရေးပစ္စည်းများ ရွှေ့ပြောင်းရေးတွင် အခက်အခဲဖြစ်စေကြောင်း ရိုဟင်ဂျာခေါင်းဆောင်များက အေအက်ဖ်ပီကို ပြောကြားသည်။

ဇွန် ၉ ရက်နေ့ ညနေက စတင်ခဲ့သည့် ၁၂ နာရီခန့်ကြာမြင့်သော စဉ်ဆက်မပြတ် ပြင်းထန်စွာ မိုးရွာသွန်းမှုကာလအတွင်း မြေပြိုမှု၊ သို့မဟုတ် လေပြင်းများကြောင့် အနည်းဆုံး တဲငါးလုံးပျက်စီးခဲ့သည်ဟု ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ ကမားလ်ဟိုစိန်က ပြောသည်။

“ဒါကအစပဲရှိသေးတယ်။ မုတ်သုန်ရာသီကြီးတစ်ခုလုံး လာအုံးမှာ။ တချို့သူတွေကိုတော့ နေရာပြောင်းပေးပြီးပါပြီ။ ဒါပေမယ့် အများစုက အန္တရာယ်ရှိနေသေးတယ်” ဟု ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်မိုဟီဘူလာက ပြောသည်။

ပြီးခဲ့သည့်နှစ်က ပြင်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် ကော့ဘဇာနှင့် အနီးရှိ စစ်တကောင်းတောင်တက်လမ်းများတွင် ရွှံ့မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့သည်။ ၂၀၁၂ ခုနှစ်ကလည်း ယင်းဒေသတွင်း မြေပြိုမှုများကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ယခင်အစောပိုင်း နှစ်နှစ်ကလည်း လူ ၅၀ ခန့် သေဆုံးခဲ့သည်။

ယခုအချိန်ထိ ရေကြီးမြေပြိုမှုအန္တရာယ် မြင့်မားစွာရှိနေပြီး အန္တရာယ်ကင်းသည့်နေရာသို့ ရွှေ့ပြောင်းပေးရန် လိုအပ်သူ ၂၀၀,၀၀၀ အနက် လူ ၂၉,၀၀၀ ခန့်ကို နေရာသစ်များသို့ ရွှေ့ပြောင်းထားကြောင်း ဂလပ်က ပြောသည်။

အကြီးအကျယ် ရေကြီးမှုကြောင့် အိမ်သာများကို ပြည့်လျှံစေပြီး ကျပ်သိပ်နေသည့်စခန်းများတွင် ရောဂါများ ကူးစက်ပျံ့နှံ့မည်ကိုလည်း စိုးရိမ်နေရသည်။

ရိုဟင်ဂျာမူစလင် ၇၀၀,၀၀၀ ခန့်မှာ မြန်မာစစ်တပ်၏ စစ်ဆင်ရေးတစ်ခုကို ကြောက်ရွံ့၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ သြဂုတ်လကတည်းက ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar