ပဲခူးရိုးမရှိ ကျွန်းပင်များသည် တရားမဝင်သစ်ခိုးထုတ်သူများ၏ ပစ်မှတ်ဖြစ်နေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်မီးကြောင့် သစ်ခိုးထုတ်မှု ပိုမြင့်တက်လာသည်။ ထိုသစ်ခိုးထုတ်မှုတွင် စစ်ကောင်စီသာမက တော်လှန်ရေးတပ်များလည်း ပါဝင်ပတ်သက်နေသည်။
အံ့ဖွယ်အောင် ၊ ဖရွန်တီးယား
ကိုဖိုးလုံးတစ်ယောက် နေအိမ်မှ လယ်တောသို့သွားတိုင်း ကျွန်းသစ်များ တင်ဆောင်လာသည့် ကုန်တင်ကားများ ပဲခူးရိုးမမှ မောင်းလာသည်ကို မကြာခဏ မြင်တွေ့နေရသည်။
ပဲခူးရိုးမ အရှေ့တောင်ခြေရှိ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းက ၎င်းတို့ရွာတွင် ရွာသူ၊ ရွာသားအများစုသည် စပါး၊ ပြောင်းနှင့် နှမ်းတို့ကိုစိုက်ပျိုး၍ အသက်မွေးကြသည်။
သို့သော် မုတ်သုန်ကာလ စိုက်ပျိုးရာသီမစမီ မတ်နှင့်ဧပြီတို့တွင် ရွာခံအချို့သည် အခြားနည်းလမ်းတစ်မျိုးဖြင့် အပိုဝင်ငွေ ရှာဖွေလာကြသည်။ ခုတ်လှဲထားသည့် သစ်ပင်များကို နွားလှည်းများဖြင့်တိုက်၍ ရန်ကုန် သို့မဟုတ် မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့များသို့ ပို့ဆောင်မည့် ကုန်တင်ကားများ စုရပ်ရှိရာသို့ သယ်ယူပို့ဆောင်ပေးခြင်းဖြစ်သည်။ တရားမဝင် သစ်ခိုးထုတ်သူများနှင့် သစ်ကုန်သည်များအကြား ပွဲစားလုပ်ပေးသူများက ထိုလယ်သမားများကို ငှားရမ်းခြင်းဖြစ်သည်။
ရိုးမတောင်တန်းကြီးများကို အလှဆင်ထားသည့် အဖိုးတန်လှသော သစ်ပင်များ ထိုသို့ တရားမဝင် ခုတ်လှဲခံနေရသည်ကို မြင်တွေ့နေရသည်မှာ အလွန်စိတ်ထိခိုက်ရကြောင်း အသက်၃၀အရွယ် ကိုဖိုးလုံး (အမည်လွှဲ) က ဖရွန်တီးယားသို့ ပြောသည်။
“မြင်ဖူးသမျှထဲမှာ အဆိုးဆုံးပဲ” ဟု ၎င်းကပြောသည်။ “တကယ်လို့ အထိန်းအကွပ်မရှိ စိတ်ကြိုက် သစ်ခိုးထုတ်တာ ဆက်ဖြစ်နေမယ်ဆိုရင် ပဲခူးရိုးမက လုံးဝကို တောပြုန်းသွားမှာ စိုးရိမ်မိတယ်”
သစ်ခိုးထုတ်မှုမှာ လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက တည်ရှိလာသော ပြဿနာဖြစ်သော်လည်း ၂၀၂၁အာဏာသိမ်းမှုနောက်ပိုင်းတွင် အထိန်းအကွပ်မရှိ ပိုမိုဆိုးရွားလာသည်။
စစ်ကောင်စီတပ်များသာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)များ တပ်ရင်း တစ်ဒါဇင်ခန့်ကပါ ပဲခူးရိုးမရှိ တောင်တန်းများကို ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။ ဒေသတွင်း တရားဥပဒေစိုးမိုးမှု လုံးလုံးလျားလျားမရှိသည့်အတွက် နှစ်ဘက်စလုံးက သစ်တောသယံဇာတများကို ထုတ်ယူပြီး အကျိုးဖြစ်ထွန်းနေပုံပေါ်သည်။
တော်လှန်ရေးအောင်မြင်မှုကို နှောင့်နှေးစေနိုင်
၂၀၁၆၊ မေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ (NLD) က မြန်မာနိုင်ငံတစ်ဝန်း သစ်ထုတ်ယူခြင်းကို တစ်နှစ်ဆိုင်းငံ့ခဲ့သည်။ ပဲခူးရိုးမတွင် သစ်တောပြုန်းမှု အကြီးအကျယ် ဖြစ်နေသည့်အတွက် ထိုဆိုင်းငံ့မှုကို ၂၀၁၆အထိ ၁၀နှစ် သက်တမ်းတိုးခဲ့သည်။
သို့သော် ၂၀၁၉၊ ဇန်နဝါရီတွင် ဂျပန်အခြေစိုက် International Tropical Timber Organization က “အစိုးရက သစ်တောသယံဇာတများကို ကာကွယ်ရန်နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရိတ်သိမ်းမှုကို ထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်သည့်တိုင် နိုင်ငံအတွင်း အလွန်အကျွံ တရားမဝင်သစ်ခိုးထုတ်မှုသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကာ ပဲခူးရိုးမ၌ပါ ရှိနေဆဲဖြစ်သည်”ဟု ထုတ်ပြန်ခဲ့သည်။
ထိုစဥ်က တာဝန်ယူထားသည့် သစ်တောဦးစီးဌာနက “ကျယ်ပြန့်လှသည့် တရားမဝင် (သစ်ခိုးထုတ်မှုအပါအဝင်) လုပ်ငန်းများကို ကိုင်တွယ်နိုင်ရန် မတတ်စွမ်းနိုင်ကြောင်း ဝန်ခံခဲ့သည်”ဟု ထိုအစီရင်ခံစာက ဆိုသည်။
ထိုကဲ့သို့ ဆိုးရွားနေပြီးသော အခြေအနေများသည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပို၍ပင် ဆိုးဝါးလာခဲ့သည်ဟု NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
“စစ်အာဏာသိမ်းနောက် စစ်ကောင်စီက သစ်ခိုးထုတ်မှုတွေ ပိုလုပ်လာခဲ့ပြီးတော့ စစ်တပ်အရာရှိတွေရဲ့ အဆင့်ဆင့် လာဘ်စားမှုတွေနဲ့ အမြတ်ထုတ်မှုတွေကြောင့် တရားမဝင် သစ်ခိုးထုတ်မှုက သိသိသာသာကို မြင့်တက်လာခဲ့တယ်”ဟု ၎င်းကပြောသည်။
“ပဲခူးရိုးမဆိုတာက NUG အနေက ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရဆဲဖြစ်တဲ့ နယ်မြေတစ်ခုပါ” ဟု ၎င်းက ဖြည့်စွက်သည်။ “သဘာဝ သယံဇာတွေ ခိုးယူခံနေရာတာဟာ ဒီလို မတည်ငြိမ်မှုတွေကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲပါ”
တော်လှန်ရေးတပ်သား အများအပြားနှင့် ပဲခူးတိုင်းအတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ ပဲခူးနှင့် သာယာဝတီမြို့နယ်များရှိ ဒေသခံများကို ဖရွန်တီးယားကမေးမြန်းခဲ့ရာတွင် ပဲခူးရိုးမမှ သစ်ခိုးထုတ်သည့် ကုန်တင်ကားအရေအတွက်သည် ၂၀၂၂မှ စ၍ မြင့်တက်လာခဲ့သည်ဟု ၎င်းတို့အားလုံးက တစ်ညီတစ်ညွတ်တည်းဆိုသည်။
၎င်းတို့က ပကဖ တပ်အချို့သည် သစ်ခိုးထုတ်မှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး အချို့အဖွဲ့များကမူ သစ်ကုန်သည်များထံမှ ငွေယူ၍ သစ်ခိုးထုတ်မှုကို မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။ အချို့ ပကဖခေါင်းဆောင်များက ကိုယ်ကျိုးအတွက် ထိုကိစ္စများကို ခွင့်ပြုထားခြင်းဖြစ်နိုင်ပြီး အချို့ကမူ ၎င်းတို့အုပ်ချုပ်ရသည့် တော်လှန်ရေးတပ်သားများအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် အခြားလိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် ဝင်ငွေရှာဖွေခြင်း ဖြစ်နိုင်သည်ဟု ၎င်းတို့ကဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ ရန်ပုံငွေလိုအပ်ချက်ကြီးမားမှုကို ဖြည့်ဆည်းပေးနိုင်သည့်တိုင် တရားမဝင် သစ်ထုတ်ယူမှုတွင် တော်လှန်ရေးတပ်များပါဝင်နေမှုက စစ်ကောင်စီကို တွန်းလှန်ရာတွင် အဟန့်အတားဖြစ်စေသည်ဟု NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (ရေတာရှည်) ၏ အဖွဲ့ဝင်ကိုအောင်ထက် (အမည်လွှဲ)က ဆိုသည်။
“စစ်ကောင်စီကို တိုက်မယ့်နေရာမှာ အာရုံမစိုက်ဘဲနဲ့ ဒီအဖွဲ့တွေက သစ်ခိုးထုတ်ဖို့ကို အာရုံစိုက်နေကြတော့ တော်လှန်ရေးအောင်မြင်ဖို့ကိုလည်း နှောင့်နှေးစေနိုင်တယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီနှင့် နီးစပ်သည့် သစ်ကုန်သည်များက ပဲခူးရိုးမတွင် တရားမဝင်သစ်ထုတ်ယူရာ၌ ကူညီပေးရန် တော်လှန်ရေးတပ်များအား စည်းရုံးသိမ်းသွင်းကြောင်း ပဲခူးတိုင်းရှိ အင်န်အယ်လ်ဒီပါတီ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ကိုလူအေးက ပြောသည်။
“ဒီသစ်ကုန်သည်အားလုံးက စစ်ကောင်စီရဲ့ မြန်မာ့သစ်လုပ်ငန်းနဲ့ ပေါင်းလုပ်နေကြတဲ့သူချည်းပဲ။ သူတို့ တွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ခံ အဖွဲ့တွေဆီက စျေးနည်းနည်းနဲ့ သစ်တွေဝယ်ပြီး ပြန်ရောင်းရင်း ငွေရှာနေကြတာ” ဟု ၎င်းက ပြောသည်။ “ပထမတော့ PDF အဖွဲ့တွေက သစ်ကုန်သည်တွေဆီကနေ ဂိတ်ကြေးပဲ တောင်းကြပေမယ့် အခုတော့ သူတို့ ကိုယ်ကျိုးအတွက် သစ်ထုတ်တဲ့ဆီမှာပါ တိုက်ရိုက်ဝင်လုပ်နေကြပြီ”
ဂိတ်ကြေးများမှ အကျိုးအမြတ်ရနေ
တောင်ငူမြို့တွင် ပဲခူးရိုးမမှ သစ်ခိုးထုတ်ရာတွင် ကုန်တင်ကားများ အသုံးပြုသည့် အဓိကလမ်းမကြီး ငါးသွယ်ရှိပြီး ရေတာရှည်မြို့တွင်မူ လမ်းမကြီးသုံးသွယ်ရှိသည်။ ထိုလမ်းမ တစ်ခုချင်းစီတွင် စစ်ကောင်စီ မဟုတ်လျှင် တော်လှန်ရေးတပ်များက စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထိန်းချုပ်ထားသည်။ သစ်ကားများသည် ထိုဂိတ်တစ်ခုချင်းစီတွင် ဂိတ်ကြေးပေးမှ ဖြတ်သန်းသွားလာခွင့် ရရှိကြသည်။
PDFများထိန်းချုပ်သည့် ဂိတ်များတွင် သစ်ငါးတန်ခန့် တင်လာသည့် ကုန်ကားများကို ခရီးစဥ်တစ်ကြောင်းလျှင် ငွေကျပ်ခြောက်သိန်း တောင်းခံသည်ဟု တော်လှန်ရေးတပ်သားများနှင့် ဒေသခံများက ဖရွန်တီးယားကို ပြောသည်။ ခုတ်ထားသည့် သစ်အပင်များကို ပျဉ်ပြားအဖြစ် လွှစက်များဖြင့် ဖြတ်တောက်ထားပြီး ငါးတန်နှင့်အထက် တင်ဆောင်လာပါက ထိုသစ်တင်ယာဉ်တစ်စီးလျှင် ငွေကျပ်၁၂သိန်းခန့် တောင်းခံလေ့ရှိသည်။
စစ်ကောင်စီဂိတ်များတွင်မူ ကျွန်းသစ်ကိုဖြတ်တောက်ပြီး သစ်ခွဲသားများတင်လာသည့် ကားများ အတွက်တစ်စီးလျှင် ကျပ်သုံးသိန်းနှင့် ကျွန်းသစ်လုံးအကြမ်းထည်များကို အလေးချိန်မည်မျှရှိစေကာမူ ယာဉ်တစ်စီးလျှင် ကျပ်တစ်သိန်းခွဲတောင်းခံသည်။ နွားလှည်းများ သို့မဟုတ် ဆိုင်ကယ်များဖြင့် တင်ဆောင်လာပါက PDF များက တစ်ကြောင်းလျှင် ကျပ်၁၅,၀၀၀ တောင်းခံကာ စစ်ကောင်စီက ၇၅၀၀ကျပ် ကောက်ခံသည်။
ရေတာရှည်မြို့နယ်ရှိ သစ်ကုန်သည်တစ်ဦးက ဂိတ်ကြေးအပြင် “တခါတလေကျ တခြားတော်လှန်ရေး တပ်တွေကို လမ်းမှာ ဆုံရတာမျိုးရှိရင်လည်း တော်လှန်ရေးအတွက် အလှူငွေဆိုပြီး တောင်းတာရှိတယ်။ လုံလုံခြုံခြုံသွားနိုင်ဖို့ အဲဒီအဖွဲ့တွေကိုလည်း ပေးရကမ်းရတာမျိုးရှိတယ်” ဟု ဆိုသည်။
မဖြတ်တောက်ရသေးသည့် သစ်လုံးတစ်လုံးလျှင် အရည်အသွေးပေါ်မူတည်၍ ကျပ်ငါးသိန်းမှ ကျပ် ၃၅သိန်းအထိ စျေးပေါက်သည်။ အရွယ်အစား ပိုကြီးပြီး သက်တမ်းပိုရင့်သည့် အပင်များ မရှိတော့သဖြင့် လက်ရှိတွင် ခုတ်ယူကြသည့် သစ်ပင်အများစုသည် အရည်အသွေးနိမ့် သစ်များဖြစ်သည်။ ထိုကျွန်းသစ်လုံးများသည် ၁၈ပေမှ ပေ၂၀အထိ ရှည်သည်။
ဖြတ်တောက်ပြီး ကျွန်းသစ်အကြမ်းထည်များသည် တစ်တန်လျှင် ကျပ်သိန်း ၈၀ခန့်ပေးရသည်။ သစ်ကားတစ်စီးသည် ပုံမှန်အားဖြင့် သစ်ငါးတန် သို့မဟုတ် ကျပ်သိန်း၄၀၀တန်ဖိုးရှိသည့် ကျွန်းသစ်အကြမ်းထည်ပမာဏကို တင်ဆောင်နိုင်သည်။ လုပ်ငန်းလည်ပတ်စရိတ်များကို ဖယ်လိုက်လျှင် ဝန်ချိန်အပြည့် တင်ဆောင်လာသည့် သစ်ကားတစ်စီးလျှင် ကျပ်၇၅သိန်းခန့် အမြတ်ကျန်သည်။
ရေတာရှည်မြို့နယ်ရှိ အမည်မဖော်လိုသူသစ်ကုန်သည်တစ်ဦးက ပဲခူးရိုးမမှ ကျွန်းသစ်လုံးအများစုကို ရန်ကုန် သို့မဟုတ် မန္တလေးသို့ ပို့ဆောင်ကြောင်းဆိုသည်။ ရန်ကုန်မြို့တွင် ထိုကျွန်းသစ်လုံးများကို လေလံတင်ပြီး အခြားသစ်မာအမျိုးအစားများကို ကမ္ဘာ့နေရာအနှံ့အပြားသို့ တင်ပို့ရောင်းချသည်ဟု အမေရိကန်အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Forest Trends က မတ်တွင် ထုတ်ဝေသည့် အစီရင်ခံစာတစ်ခုတွင် ဆိုသည်။ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းသည် ထိုသစ်များကို ရောင်းချသည့် ဈေးနှုန်းများနှင့် ဝယ်ယူသည့် ကုမ္ပဏီများ အပါအဝင် လေလံပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိတော့ကြောင်း၊ ယခင်က ပွင့်လင်းမြင်သာသည့် လုပ်ထုံးလုပ်နည်းများမှ သွေဖည်သွားကြောင်း ထိုအစီရင်ခံစာက ဆိုသည်။
NUG လက်အောက်ခံ တောင်ငူခရိုင်တရင်း၃၅၀၁၊ တပ်ခွဲ-၆က ယခုနှစ်တွင် တောင်ငူဒေသအတွင်း သစ်ထုတ်လုပ်မှုလုပ်ငန်းများကို ၎င်းတို့က ကြီးကြပ်သွားမည်ဟု ဖေဖော်ဝါရီ၂၃ရက်တွင် ထုတ်ပြန်ခဲ့သည်။ NUG ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ၎င်းတို့အား လုပ်ပိုင်ခွင့်အပ်နှင်းထားကြောင်းလည်း ထိုအဖွဲ့ကဆိုသည်။
သို့သော် NUG ၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကမူ ထိုပြောဆိုချက်သည် မှန်ကန်ခြင်းမရှိဟုဆိုသည်။ “လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းကိုဖြစ်စေ” သစ်ထုတ်လုပ်ရန် ခွင့်ပြုထားခြင်းမရှိကြောင်း ၎င်းကဆိုသည်။ “ဒီကိစ္စမှာ ပါဝင်နေတဲ့ PDF တပ်ရင်းတွေနဲ့ တပ်သားတွေက စည်းကမ်းသတ်မှတ်ချက်တွေကို နားလည်မှုလွဲတာ၊ အဓိပ္ပာယ်ကောက်လွဲတာတွေ ဖြစ်နေတယ်လို့ ကျနော်တို့က ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

တရားမဝင်သစ်ထုတ်ယူမှုများကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများသည်လည်း အတော်လေး အလုပ်မဖြစ်ခဲ့ပုံပေါ်သည်။ NUG ၏ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၏ တပ်ရင်းမှူး ဗိုလ်မိုးကြိုးကြီးသည် ယမန်နှစ်က အရပ်သားငါးဦးကို သတ်ဖြတ်ကြောင်း စွပ်စွဲခံထားရသည်။ ထို့ပြင် ၎င်းသည် ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ကိုပိုင်ကိုလည်း ဖေဖော်ဝါရီလအတွင်းက သတ်ဖြတ်ခဲ့ပြီး ထိုအဖွဲ့ဝင်၁၈ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း စွပ်စွဲခံနေရသည်။
တပ်ရင်း၃၈၀၁ကမူ ၎င်းတို့ ဖမ်းဆီး၊ သတ်ဖြတ်ခဲ့သူများသည် တရားမဝင်သစ်ထုတ်လုပ်မှုတွင် ပါဝင်ပတ်သက်နေကြောင်း ဖေဖော်ဝါရီတွင် ကြေညာချက်ထုတ်ပြန်သည်။ ထို့ပြင် ၎င်းတို့သည် အရပ်သားများကို ဆက်ကြေးကောက် ဖမ်းဆီးသတ်ဖြတ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်း သယ်ယူသည့် လမ်းကြောင်းများကို စစ်ကောင်စီထံသို့ ပေါက်ကြားစေခဲ့ကြောင်းလည်း တပ်ရင်း၃၈၀၁က စွပ်စွဲထားသည်။ သို့သော် ထိုထုတ်ပြန်ချက်ရှိ စွပ်စွဲချက်များကို အတည်ပြုနိုင်ခြင်းမရှိပေ။ NUG ၏ အမှတ်(၂) စစ်ဒေသခွဲမှူး ဦးတင်ဦးကမူ ကိုပိုင်သတ်ဖြတ်ခံရမှုကို ကာကွယ်ရေးဝန်ကြီးဌာနက စတင်စုံစမ်းစစ်ဆေးနေပြီဟု ဆိုသည်။
ယခုဆောင်းပါးအတွက် ဖရွန်တီးယားက ဗိုလ်မိုးကြိုးကြီးကို ဆက်သွယ်၍ မှတ်ချက်တောင်းခံခဲ့သော်လည်း တုန့်ပြန်မှု မရရှိခဲ့ပေ။
PDF တစ်ဦးတစ်ယောက်ချင်းစီ၏ ဥပဒေမဲ့ အထိန်းအကွပ်မရှိလုပ်ဆောင်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည်ဟု NUG က အကြိမ်ကြိမ်ဆိုစေကာမူ ၎င်းတို့ကို အပြစ်ပေးအရေးမှု အားနည်းနေသေးသည်။ “တောင်ပေါ်မှာ တရားမဝင်သစ်ကားတွေ သွားလာ နေပေမဲ့ NUG က ဘာအရေးယူမှုမှ မလုပ်ဘူး။ ဒီထဲက တချို့အဖွဲ့တွေက သစ်ခွဲစက်တွေထောင်ပြီး ကိုယ်ပိုင်သစ်ထုတ်တာမျိုးတောင် လုပ်နေကြပြီ” ဟု ရေတာရှည် PDFအဖွဲ့ဝင် ကိုအောင်ထက်ကဆိုသည်။
ကြီးမားလှသည့် စိန်ခေါ်မှု
သို့တိုင် NUG က သစ်ခိုးထုတ်မှုများကို တားဆီးရာတွင် အောင်မြင်မှုအချို့ ရရှိထားသည်ဟု ဆိုသည်။
သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အာဏာသိမ်းပြီးချိန်မှစ၍ NUG အနေဖြင့် ပဲခူးရိုးမအတွင်း ဖြတ်တောက်ထားသည့် ကျွန်းသစ်လုံး ၁၇,၀၂၁ တန်၊ မဖြတ်ရသေးသည့် ကျွန်းသစ်လုံး ၁,၅၅၂ တန်၊ ဖြတ်တောက်ထားသည့် သစ်မာသား ၉,၃၄၂တန်နှင့် မဖြတ်ရသေးသည့် သစ်မာသား ၉,၃၇၅တန် သိမ်းဆည်းရမိခဲ့သည် ဟုဆိုသည်။
“သစ်ခိုးထုတ်တဲ့သူတွေကို ဖမ်းတာ၊ ဒဏ်ကြေးဆောင်ခိုင်းတာလိုမျိုး ချမှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အရေးယူမှုတွေလုပ်ဆောင်နေပါတယ်။ မလုပ်တော့ဘူးလို့ ခံဝန်ထိုးရင်တော့ ပြန်လွှတ်ပေးပါတယ်”ဟု ၎င်းက ပြောသည်။ ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာဒေသများတွင် သဘာဝသယံဇာတများကို စီမံရာ၌ စည်းမျဥ်း၊ စည်းကမ်းများချမှတ်ထားသည်ဟုလည်း ၎င်းက ဖြည့်စွက်သည်။
သို့သော် မြေပြင်သတင်းရင်းမြစ်များကမူ အခြေအနေက အလွန်တရာ အထိန်းအကွပ်မဲ့ဖြစ်နေသည်ဟု ဆိုကြသည်။
သာယာဝတီခရိုင် တပ်ရင်း၃၈၀၁ မှ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့လက်အောက်ခံ တပ်ခွဲခြောက်ခုသည် တရားမဝင်သစ်ထုတ်လုပ်မှုတွင် မပါဝင်ကြောင်းဆိုသည်။ ထို့ပြင် ၎င်းတို့သည် တရားမဝင် သစ်ထုတ်လုပ်မှုများကိုလည်း အကန့်အသတ်ဖြင့်သာ ဟန့်တားနိုင်ကြောင်း ဆိုသည်။
အရေးယူမှုအချို့ ရှိသော်လည်း သစ်ခိုးထုတ်မှုက လုံးဝရပ်တန့်မသွားပေ။ တပ်ရင်း၃၈၀၁ လက်အောက်ခံ တပ်ခွဲခြောက်ခုအနက် တစ်ခုဖြစ်သော မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ၂၀၂၂၊ အောက်တိုဘာတွင် သစ်ခိုးထုတ်သူများကို စတင်နှိမ်နင်းလာခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ တရားမဝင် သစ်ထုတ်သူ ၁၆ဦးကို အရေးယူနိုင်ခဲ့ကာ သစ်လုံး ၈၆လုံး ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းတို့ကဆိုသည်။
အဖွဲ့ခေါင်းဆောင် ကိုဒေဝက တရားမဝင်သစ်ထုတ်သူများကို ဖမ်းဆီးလျှင် သစ်များကို သိမ်းဆည်းသော်လည်း သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့် ကျွဲ၊ နွားများနှင့် မော်တော်ယာဉ်များကိုမူ ပြန်လည်ပေးအပ်သည်ဟုဆိုသည်။
“သူတို့အတွက် စားဝတ်နေရေးခက်တာကိုး။ ဖမ်းမိတဲ့ တရားမဝင်သစ်ထုတ်သူတွေကို ထိန်းသိမ်း ထားတာမျိုး၊ သူတို့ပစ္စည်းသယ်တဲ့ ယာဥ်တွေကို သိမ်းထားမျိုး မလုပ်ပေမဲ့ ပြန်မလွှတ်ပေးခင် သစ်ထုတ်တာရဲ့ ဆိုးကျိုးတွေကိုပြောပြီး အသိပညာပေးပါတယ်” ဟု ကိုဒေဝကပြောသည်။
တရားမဝင် သစ်ထုတ်သူများကို ပညာပေးရာတွင် ယမန်နှစ်၊ စက်တင်ဘာတွင် ဆိုင်ကလုန်းမုန်တိုင်းရာဂီ တိုက်ခတ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည့် အကြီးအကျယ် ရေကြီးမှုအပါအဝင် သစ်တောပြုန်းတီးမှုကြောင့် မြင့်တက်သည့် သဘာဝဘေးအန္တရာယ်များကို ရှင်းပြခြင်းဖြစ်သည်။
ထို့ပြင် တရားမဝင်သစ်ထုတ်ခြင်းသည် တောင်များတွင် စစ်တပ် အခိုင်အမာ ခြေကုပ်ယူနိုင်ရန် တစ်ဖက်တစ်လမ်းက ကူညီနေခြင်းလည်းဖြစ်ကြောင်း ၎င်းတို့ကို ရှင်းပြသည်ဟု သူကဆိုသည်။
“တရားမဝင်သစ်ထုတ်ယူမှုမှာ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက သစ်ထုတ်ယူနိုင်ဖို့အတွက် ပဲခူးရိုးမထဲမှာ ရှိတဲ့လမ်းတွေကို လမ်းကြောင်းရှင်းနေကြတယ်” ဟု ကိုအောင်ထက်ကဆိုသည်။
“ဒါကြောင့် စစ်တပ်အနေနဲ့ တောင်ပေါ်ကို အင်ပြည့်အားပြည့် ထိုးစစ်ဆင်တဲ့အခါ ဒီလမ်းတွေကို သုံးခဲ့မယ်ဆိုရင်တော်လှန်ရေးတပ်သားတွေအတွက် အန္တရာယ်ရှိတယ်”